စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက် နေကြောင်း ပြန်လွတ်လာသူ ဖော်ထုတ်

စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက် နေကြောင်း ပြန်လွတ်လာသူ ဖော်ထုတ်
by -
ရဲရင့်
ရန်ကုန် စစ်ကြောရေးစခန်းတွင် အမေရိကန် နိုင်ငံသားတဦး အပါအဝင် ရဟန်းရှင်လူများကို ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေ သည်ဟု မကြာခင်က ပြန်လည် လွတ်မြောက်လာသူတဦးက ပြော ...

မဇ္စျိမ ။       ။ ရန်ကုန် စစ်ကြောရေးစခန်းတွင် အမေရိကန် နိုင်ငံသားတဦး အပါအဝင် ရဟန်းရှင်လူများကို ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေ သည်ဟု မကြာခင်က ပြန်လည် လွတ်မြောက်လာသူတဦးက ပြောသည်။

ယခင်လကုန်ပိုင်းက ရန်ကုန် မရမ်းကုန်းရှိ အောင်သပြေ စစ်ကြောရေးစခန်းမှ ပြန်လွတ်လာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ လူငယ်အဖွဲ့ဝင် ကိုတိုးအောင်က ပြောဆိုခြင်း ဖြစ်သည်။

“ရွှေဝါရောင် နှစ်ပတ်လည်အတွက် စာရွက်စာတမ်း ဖြန့်ဝေမှုနဲ့ ကျနော့့်ကို မသင်္ကာမှုနဲ့ အရင်လ ၁၁ ရက်ကနေ ၂၆ ရက်နေ့ထိ အောင်သပြေ စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်ပြီး စစ်ဆေးတာ ခံခဲ့ရပါတယ်။ အဲဒီမှာ ရောက်နေတဲ့ အမေရိကန်က ကိုညီညီအောင်၊ ရခိုင်ကျောင်းသား လူငယ်အဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က လူငယ်တွေနဲ့ ဘုန်းကြီးတွေက သူတို့ ညှဉ်းပန်း နှိပ်စက်ခံကြရတာတွေကို ပြောပြကြတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

“ကျနော့်ကိုတော့ ကမာရွတ် ရဲစခန်းက ဒု-ရဲအုပ်ဆန်းဦးနဲ့ အောင်သပြေ စစ်ကြောရေးမှ အောင်ဆန်းမြင့်တို့က လက်သီးနဲ့ထိုးတယ်၊ တုတ်နဲ့ရိုက် တယ်၊ မျဉ်းလုံးနဲ့လှိမ့်တယ်၊ ၃ ရက်ကြာတယ်၊ ထမင်းမကျွေး ရေမတိုက်ဘဲ ညှဉ်းပန်းတာ ခံရတယ်။ ကိုညီညီအောင်လည်း အဲလိုနှိပ်စက်တာခံရ တယ်လို့ ကျနော့်ကို ပြောပြပါတယ်” ဟု သူက ဆက်ပြောပြသည်။

အခြားညှဉ်းပန်း နှိပ်စက်ခံရသူများမှာ ရခိုင်ကျောင်းသား လူငယ်များအဖွဲ့ (AASYC) မှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုအောင်ဇံသိန်း (ခ) မောင်မောင်၊ ကိုကျော်ဝင်း၊ ကိုဆွေသန်း၊ ကိုထွန်းလင်းကျော်၊ ကိုဇော်ထွန်းနိုင်နှင့် ဘုန်းတော်ကြီးအရှင်ရေဝတ (ပခုက္ကူ) တို့ဖြစ်ပြီး ၎င်းတို့ကို ဖောက်ခွဲရေးသမားများဟုဆိုကာ စစ်ဆေးလျက်ရှိသည်။

မျိုးဆက်သစ် လူငယ်များအဖွဲ့ (GW) မှ ကိုရဲကျော်သူ၊ အရှင်ရေဝတနှင့် ရန်ကုန်ငါးထပ်ကြီး လိပ်ပြာကန်ကျောင်းတိုက် မှ အရှင်ဃောသိတတို့ လည်း ညှဉ်းပန်း နှိပ်စက်မှုခံကြရသည်ဟု ကိုတိုးအောင်က ပြောသည်။

လက်ရှိ အောင်သပြေ စစ်ကြောရေးတွင် ဘုန်းတော်ကြီး (၇) ပါးရှိပြီး အရှင်ရေဝတ (AASYC) ၊ အရှင်ရေဝတ (GW) ၊ အရှင်ဝိသုတ (ချောက်)၊ အရှင်ဃောသိတ၊ အရှင်ဝါယမ၊ အရှင်ဝိသုတ (ပခုက္ကူ) နှင့် နောက်တပါးမှာ(ဘွဲ့တော်မသိ) သက်တော် ၅၀ ကျော် ဘုန်းတော်ကြီး တပါးတို့ဖြစ်ပြီး အမျိုးသမီးအကျဉ်းသူ ၂ ဦးလည်း ရှိသည်။

ကိုတိုးအောင်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံးသို့ ရောက်ရှိ လာပြီး ၎င်းကြံုတွေ့ခဲ့သည့် အနေအထားများကို ဒေသခံ သတင်းထောက်များကို ယနေ့နံနက်တွင် ပြောကြားခဲ့သည်။

သူသည် တနင်္သာရီတိုင်း အန်အယ်ဒီ လူငယ်တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ရုံးချုပ်သို့ ရောက်ရှိ တာဝန်ထမ်းဆောင်နေစဉ် ဝတ္တရား နှောင့်ယှက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုံနှိပ်ဥပဒေ စသည့် စွဲချက်များဖြင့် ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တကြိမ်၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တကြိမ် အဖမ်းခံရကာ ရန်ကုန်နှင့် မန္တလေးထောင်တွင် ထောင်ဒဏ် ၁၁ နှစ်နီးပါး ကျခံခဲ့ရသူ ဖြစ်သည်။