နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီးဝင်းနိုင်အား ပြည့်တန်ဆာခန်းများ၊ အနှိပ်ခန်းများ ဖွင့်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်အစိုးရက ရာထူးမှ ထုတ်ပယ်လိုက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
ရဲမှူးကြီးအား ထုတ်ပယ်လိုက်ပြီဟူသော သတင်းများ ပြီးခဲ့သည့် လကတည်းက ရန်ကုန်မြို့တွင် ပျံ့နှံ့နေခဲ့ရာ အတည်ပြုရန် မလွယ်ကူသော် လည်း ရန်ကုန်ရှိ စစ်တပ်နှင့် သတင်းထောက် အသိုင်းအဝိုင်းအကြား ပြောဆို လာခဲ့သည်။
ဤကောလာဟာလကို လိုက်လံ စုံစမ်းနေသော ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက တာဝန်မှ ရပ်စဲကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်မှာ မှန်ကန်ကြောင်း မဇ္ဈိမကို ယခုလို ပြောဆိုသည်။
''ကျနော် အခု သေချာပေါက်ပြောနိုင်တာကတော့ တာဝန်ကရပ်စဲပြီး၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ ဒါပေမဲ့ အခုလို ထုတ်ပယ်ရတာဟာ ပြည့်တန်ဆာခန်းတွေဖွင့်လို့၊ အနှိပ်ခန်းတွေဖွင့်လို့ဆိုတာ ဟုတ်မဟုတ်တော့ မသိပါဘူး'' ဟု သူက ပြောသည်။
ပြိုင်ဘက်တဦးက ရဲမှူးကြီးဝင်းနိုင်၏ ဇနီးသည် ရန်ကုန်တွင် အနှိပ်ခန်းများ ဖွင့်လှစ်ထားကြောင်း သတင်းပို့ တိုင်ကြားခဲ့သဖြင့် အကျင့်ပျက် လာဘ်စားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုတို့ဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
''ဦးဝင်းနိုင်ရဲ့ ဇနီး ပြည့်တန်ဆာခန်းတွေ၊ အနှိပ်ခန်းတွေ ဖွင့်တယ်ဆိုတဲ့ ရန်ကုန်မှာ ပျံ့နှ့ံနေတဲ့ ကောလာဟာလတွေ ဟုတ်မဟုတ်တော့ ကျနော် သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်မှာ ဒီလိုပဲ ကောလာဟလတွေက အမှန်တွေ ဖြစ်လာတတ်ပါတယ်'' ဟု အဆိုပါ သတင်းထောက်က ပြောသည်။
ဤအတောအတွင်း မြန်မာနိုင်ငံ ရဲချုပ်ခင်ရီလည်း ရဲမှူးကြီးဝင်းနိုင်အမှုနှင့် ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံနေရသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်ဟု သတင်းရပ်ကွက်များက ပြောသည်။
ရဲချုပ်ခင်ရီလည်း အလားတူ ထုတ်ပယ်ခံရနိုင်သည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။
သို့သော် စစ်အစိုးရ၏ အာဘော် မြန်မာ့အလင်း သတင်းစာကမူ ဗိုလ်ချုပ်ခင်ရီ ဖမ်းဆီးခံနေရသည်ဟူသော သတင်းများကို ချေဖျက်နိုင်ရန်အတွက် ရန်ကုန်တိုင်း ကြိုးမဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် အင်္ဂါနေ့က တွေ့ဆုံစကားပြောကြားနေသည်ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။