သောင်ရင်းတွင် ချစ်ကြည်ရေး တံတားတစင်း ထပ်ဆောက်ရန် ထိုင်း အတည်ပြု

သောင်ရင်းတွင် ချစ်ကြည်ရေး တံတားတစင်း ထပ်ဆောက်ရန် ထိုင်း အတည်ပြု
by -
ဥဆာ ဖိချိုင်း
သောင်ရင်းမြစ်ပေါ်တွင် ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတစင်း ထပ်မံ တည်ဆောက်ရန် ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က အတည်ပြု လိုက်သည်။ ယင်းတံတားကို နယ်စပ်ကုန်သွယ်ရေး ...

ချင်းမိုင် (မဇ္ဈိမ)။ ။ သောင်ရင်းမြစ်ပေါ်တွင် ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတစင်း ထပ်မံ တည်ဆောက်ရန် ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က အတည်ပြု လိုက်သည်။ ယင်းတံတားကို နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာမှု တိုးတက်လွယ်ကူစေရန် တည်ဆောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မြဝတီမြို့တဖက်ကမ်း တခ်ပြည်နယ် မဲဆောက်ခရိုင်တွင် နယ်စပ် စီးပွားရေးဇုန်တခု တည်ဆောက်ရန် အတွက် ထိုင်းဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Alongkorn Ponbutra က အင်္ဂါနေ့တွင် ကျင်းပသော သတင်း စာရှင်းလင်းပွဲ၌ ပြောကြားသည်။

ပထမစီမံကိန်းမှာ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်များ ပိုမိုသယ်ယူ ပို့ဆောင်ပေးနိုင်ရန်အတွက် သောင်ရင်းမြစ်ပေါ်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေး ဒုတိယတံတား တစ်စင်းကို တည်ဆောက်ရန် ဖြစ်သည်။

ထို့ပြင် ယင်းတံတားသည် အရှေ့-အနောက် စီးပွားရေးစင်္ကြ စီမံချက်ကိုလည်း အထောက်အကူပြုမည် ဖြစ်သည်။ ဤဖွံ့ဖြိုးရေးစီမံကိန်းတွင် မဲဆောက်ခရိုင် နယ်စပ်အနီး စီးပွားရေးဇုန်များ တည်ဆောက်ခြင်း၊ ထောက်ပို့ ဗဟိုဌာနများနှင့် ဂိုဒေါင်များ တည်ဆောက်ခြင်းတို့လည်း ပါဝင််မည်။

''တံတားသစ် တည်ဆောက်ဖို့အတွက် သင့်တော်တဲ့ နေရာကို အာဏာပိုင်တွေက အခု ရှာဖွေနေပါတယ်။ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အစိုးရအရာရှိတွေနဲ့ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်တွေပါတဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေပါတယ်'' ဟု သူက ပြောကြောင်း ထိုင်းနိုင်ငံ အမျိုးသား သတင်းဗျူရို ဝက်ဘ်ဆိုဒ်တွင် တင်ထားသော သတင်းအရ သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏသည် ၂၀၀၈ ခုနှစ်က မြဝတီတမြို့ထဲ၌ပင် ဘတ်ငွေ သန်းပေါင်း ၁၄၄၀၀၀ (အမေရိကန် ဒေါ်လာသန်းပေါင်း ၄၃၆၃) ရှိပြီး၊ မဲဆောက်ဘက်တွင်မူ ဘတ်ငွေ သန်းပေါင်း ၂၀၀၀၀ (အမေရိကန် ဒေါ်လာ ၆၀၆ သန်း) ရှိသည်ဟု Alongkorn က ပြောသည်။

''ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ရှိနေပေမယ့် ဒေသတွင်း ကုန်သွယ်မှု ပမာဏကတော့ တိုးတက်လာမယ့် အရိပ်လက္ခဏာ ရှိပါတယ်။ စီးပွားရေးဇုန်သစ် ဖွင့်လိုက်ရင် ဒီကုန်သွယ်မှု ပမာဏဟာ အခွန်နဲ့ အခြားရင်းနှီးမြှုပ်နှံမှုများက ဝင်ငွေမပါဘဲ ဘတ်သန်းပေါင်း ၄၀၀၀၀ (အမေရိကန် ဒေါ်လာ ၁၂၀၂ သန်း) အထိ နှစ်ဆတိုးလာမယ်လို့ မျှော်လင့်ရပါတယ်'' ဟု သူက ဆက်ပြောသည်။

''နောက်တဆင့် လုပ်ရမှာကတော့ မြန်မာအစိုးရနဲ့ ညှိနှိုင်းတိုင်ပင်ပြီး တံတားသစ် တည်ဆောက်ဖို့ သင့်တော်တဲ့ နေရာရွေးချယ်ရေး ဖြစ်ပါတယ်။ တည်ဆောက်ရေး စီမံကိန်းအတွက် အသေးစိတ် လုပ်ငန်းတွေကို မြန်မာအစိုးရရဲ့ ခွင့်ပြုချက်ရယူဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီတံတားဟာ နှစ်ဖက်စလုံးက အသုံးပြုရမယ့် တံတားဖြစ်လို့ပါ'' ဟု တခ်ပြည်နယ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Banpot Kokiatcharoen က ပြောသည်ဟု ထိုင်းသတင်းဗျူရို ဝက်ဘ်ဆိုဒ် မန်နေဂျာ၏ ဗုဒ္ဓဟူးနေ့က ပြောကြားချက်အရ သိရသည်။

၈၆ ကီလိုမီတာ ရှည်လျားသည့် မဲဆောက်နှင့် တခ်ပြည်နယ် မောင်း (Muang) ခရိုင် ဆက်သွယ်ထားသောလမ်းကို လက်ရှိ ၂ လမ်းသွားမှ ၄ လမ်းသွားအထိ ချဲ့ထွင် ဖောက်လုပ်သွားရန် တည်ဆောက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်း ဆောက်ရွက်မှုများ ပြုလုပ်နေကြောင်း တခ်ပြည်နယ် ဒုတိယပညာရေးဝန်ကြီးနှင့် ဝန်ကြီးချုပ် Chaiwut Bannawat က ပြောသည်။

ဤသို့ တိုးချဲ့ဖောက်လုပ်ခြင်းဖြင့် လယ်ယာ ထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့ သွားမည်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကိုလည်း တိုးတက်လာစေမည်။ ထို့ပြင် ယာဉ်မတော်တဆ တိုက်မှုများ ကိုလည်း လျှော့ချသွားနိုင်မည်။ ဤစီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် စတင်နိုင်မည်။

စက်တင်ဘာလ အတွင်းကလည်း မဲဟောင်ဆောင်ပြည်နယ် မောင်းခရိုင် နမ်းပန်းဒင် (Nam Piang Dim ယာယီ နယ်စပ်စစ်ရေးဂိတ်ကို ဒေသတွင်း ကုန်သွယ်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဖွင့်လှစ်ပေးခဲ့သည်။

ယခင်က တိုင်းရင်းသား လက်နက်ကိုင် ကရင်နီတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် ယင်းနယ်စပ်ဂိတ်ကို အသုံးပြုနိုင်ခြင်း မရှိခဲ့ပါ။