မရောက်သေးသည့် နွေစပါးစိုက်ရာသီအတွက် လယ်သမားများ ငွေပေးနေရ

မရောက်သေးသည့် နွေစပါးစိုက်ရာသီအတွက် လယ်သမားများ ငွေပေးနေရ
ယခုနှစ် မိုးရာသီစပါး မရိတ်သိမ်းခင် မွန်ပြည်နယ် မုဒုံမြို့နယ်မှ လယ်သမားမျာက နောက်လာမည့်နှစ်တွင် နွေစပါးစိုက်ပျိုးချိန်တွင် ရေရရှိရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသိ့ု ငွေပေးနေရသည်ဟု သိရ ...

ယခုနှစ် မိုးရာသီစပါး မရိတ်သိမ်းခင် မွန်ပြည်နယ် မုဒုံမြို့နယ်မှ လယ်သမားမျာက နောက်လာမည့်နှစ်တွင် နွေစပါးစိုက်ပျိုးချိန်တွင် ရေရရှိရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသိ့ု ငွေပေးနေရသည်ဟု သိရသည်။

မုဒုံမြိုံ့နယ်၌ ဝင်းဖနုံရေလှောင်တမံအနီးတဝိုက်ရှိ အဘစ်၊ ဆက်သွယ်၊ ရွာသစ်၊ ဒိုးမား၊ တောင်ပ၊ ထုံမံ၊ ကွမ်ခဗွီ၊ ကလော့သော့စသည့် ကျေးရွာများရှိ လယ်သမားများသည် လယ်တစ်ဧကလျင် ၂၀၀၀ ကျပ််ဖြင့် ဆည်မြောင်းဌာနသို့ ငွေပေးသွင်းရသည်ဟု လယ်သမားတို့၏ ပြောပြချက်အရ သိရသည်။ ၄င်းရေလှောင်တမံအနီးတဝိုက်ရှိ ကျေးရွာများကို စုပေါင်း၍ တောင်ပနွေစပါးအထူးဇုံအဖြစ် မြန်မာ့လယ်ယာစိုက်ပျိုးရေးက သတ်မှတ်ထားသည်။

“နွေစပါးစိုက်ပျိုးတဲ့အချိန်မှာ ဝင်းဖနုံရေလှောင်တမံကရေတွေကို လယ်ကွင်းထဲကို  ပေးဖို့အတွက်ဆိုပြီး သူတို့က ပိုက်ဆံလာကောက်တယ်၊ ကျွန်တော်တို့လည်း စကားမများခြင်းလို့ သူတို့တောင်းတာကို ပေးလိုက်တာ။ နွေစပါးက နှစ်တိုင်းစိုက်နေတာပဲ ဒါပေမယ့် ကျွန်တော်တို့က ဟန်ပြလောက်ပဲ စိုက်နေတာ” ဟု ဆက်သွယ်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ဇွန်လနှင့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝင်းဖနုံရေလှောင်တမံမှ ရေစီးဆင်းမှုကြောင့် ရေနစ်မြုပ်ခဲ့သည့်လယ်မြေမှ စပါးခင်များ ပျက်စီးခဲ့သည်။ စပါးပင်များပျက်ဆီးပြီး အခက်အခဲဖြစ်နေရသည့်အချိန်တွင် လာမည့်နွေစပါးစိုက်ပျိုးရန်အတွက် လယ်သမားများထံမှ ဒေသခံအာဏာပိုင်များက ပိုက်ဆံကောက်ခံခြင်းသည် လယ်သမားများအတွက် ပို၍ဒုက္ခရောက်စေသည်ဟု ကလော့သော့ရွာမှ လယ်သမားတစ်ဦးက ပြောသည်။

“ကျေးရွာဥက္ကဌအဖွဲ့ဝင်တွေနဲ့ ဆည်မြောင်းကလူတွေလာပြီး ပိုက်ဆံလာကောက်တယ်။ လယ်တစ်ဧကကို ၂၀၀၀ ကျပ်ပေးရမယ်၊ သူတို့ပေးတဲ့ ငွေလက်ခံဖြတ်ပိုင်းမှာ တာဝန်ခံအမည်က ‘ဦးခင်မောင်ဝင်း’ ဆည်မြောင်းဝန်ကြီးဌာနလို့ ရေးထားတယ်” ဟု ပိုက်ဆံပေးရသည့် တောင်ပရွာသားတစ်ဦးက ပြောသည်။  

၂၀၀၁ ခုနှစ် မြန်မာအစိုးရ အာဏာပိုင်တို့က ဝင်းဖနုံရေလှောင်တမံကို ဆောက်လုပ်ပြီးနောက် ထိုဒေသမှာ စီးဆင်းနေသည့် အဓိကချောင်းကို ပိတ်လိုက်သည်။ ချောင်း၏ ဘေးတဘက်တစ်ချက်တွင်လည်း လယ်ယာမြေများရှိပြီး  မိုးရာသီရောက်သည့်အချိန်တွင် ရေများ လျံှကြလာကာ ချောင်းမှတဆင့် လယ်ကွက်ထဲသို့ လျှံကြကုန်သည်။

“အခုမိုးစပါးမှာပဲ လယ်ကွက်တွေက ပျက်စီးနေပြီး နွေရာသီမှာ စပါးပြန်စိုက်တာဟာ မဖြစ်နိုင်ဘူး၊ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ မြက်ပင်တွေပေါက်ပြီး မိုးရာသီစပါး စိုက်ပျိုးဖို့ မအောင်မြင်နိုင်တဲ့ အခြေအနေမှာ ဘယ်လိုလုပ်ပြီး နွေစပါးစိုက်မှာလဲ” ဟု ဆက်သွယ် ရွာသားတစ်ဦးက ပြောသည်။

မြန်မာအစိုးရ၏ မြန်မာတစ်နိုင်ငံလုံ စားနပ်ရိက္ခာဖူလုံရေးအတွက် တစ်နှစ် (၂) သီး စပါးစိုက်ပျိုးရေး ပေါ်လစီကြောင့် လယ်သမား နွေရာသီမှာလည်း စပါးစိုက်ပျိုးရသည်။ သို့သော်လည်း တစ်ချို့လယ်သမားများမှာ စီးပွားရေးအခက်အခဲနှင့် ရာသီဥတုအခြေအနေကြောင့် နွေစပါးကို ဟန်ပြလောက်သာ စိုက်ကြသည်ဟု မုဒုံမြို့နယ်မှာ လယ်သမားများက ပြောသည်။

ယခုချိန်မှာ စီးပွားရေးကပ်ဆိုက်သောကာလဖြစ်သောကြောင့် စပါးစျေးများ မတည်မငြိမ် ဖြစ်လာပြီး လယ်သမားများက စပါးစိုက်ခင်းထဲသို့ မြေသြဇာ ဝယ်မထည့်နိုင်ခြင်းနှင့် အလုပ်သမားခမှာ ငွေအလုံအလောက် အသုံးမပြုနိုင်သောကြောင့် စပါးအထွက်နူန်းလည်း လျော့ကျလာသည်ဟု မွန်ပြည်နယ်မှာ လယ်သမားများက ဆိုကြသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ထုတ်ပြန်ထားသည် စာရင်းအရ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက (၁၇၁၂၄၂၄) ရှိပြီး လာမည့် ၂၀၁၀-၂၀၁၁ခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက (၃.၈) သန်းအထိ စိုက်ပျိုးသွားရန် လျှာထားသည့်ဟု Weekly eleven ဂျာနယ်တွင် ဖော်ပြထားသည်။

Most read this week