မွန်ပြည်သစ်နှင့် စစ်အစိုးရအကြား စစ်ရေးတင်းမာမှု ဖြစ်စေမည့် ဒုတိယမြောက် ဖြန့်ဝေစာ ထွက်ပေါ်

မွန်ပြည်သစ်နှင့် စစ်အစိုးရအကြား စစ်ရေးတင်းမာမှု ဖြစ်စေမည့် ဒုတိယမြောက် ဖြန့်ဝေစာ ထွက်ပေါ်
by -
အာကာ
စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို အလိုမကျခြင်းနှင့် မွန်ပြည်သစ်ပါတီအား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေသည့် ဒုတိယ အကြိမ်မြောက် ဖြန့်ဝေစာများ ထွက်ပေါ်လာကြောင်း သိရ ...

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို အလိုမကျခြင်းနှင့် မွန်ပြည်သစ်ပါတီအား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေသည့် ဒုတိယ အကြိမ်မြောက် ဖြန့်ဝေစာများ ထွက်ပေါ်လာကြောင်း သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ လိပ်မူ၍ စက်တင်ဘာ (၁၄)ရက်နေ့ ရက်စွဲဖြင့် ဖြန့်ဝေခဲ့သည့် စာတွင် လွန်ခဲ့သည့်လက ဘုရားသုံးဆူမြိုအတွင်း ဗုံးပေါက်ကွဲမှုသည် မွန်ပြည်သစ်၏ လုပ်ရပ် ဖြစ်ကြောင်း၊ ဘုရားသုံးဆူမြို့အား သိမ်းပိုက်ရန် အင်အား(၂)သောင်းကျော်အား မွန်ပြည်သစ်က လက်နက်ကြီးသင်တန်း ပေးထားပြီးဖြစ်ကြောင်းနှင့် မွန်ပြည်သစ်က ဗုံးထပ်မံ ဖောက်ခွဲရန် ရှိ၍ ဘုရားသုံးဆူဒေသသို့ စစ်တပ်များ အမြန် လွှတ်ခဲ့ရန် စသည့် အကြောင်းအရင်းများ ပါဝင်သည်။

ဖြန့်ဝေစာ ပေးပို့သူအဖြစ် မချိုချိုဝေ (၁၀/ရမန (နိုင်)  ၀၂၆၀၁၄) အဘ ဦးကြာအောင်၊ ဘုရားသုံးဆူမြို့ တန်းလျား အမှတ်(၁) ရပ်ကွက်ဟု ဖော်ပြထားသည်။ ၎င်းဗုံးပေါက်ကွဲမှုသည် မိမိတို့အဖွဲ့နှင့် မသက်ဆိုင်ကြောင်းနှင့် ဖြန့်ဝေသူကို စစ်ဆေး အရေးယူပေးရန် မွန်ပြည်သစ်က တောင်းဆိုထားပြီးနောက် ယခုအခါ မချိုချိုဝေသည် ဘုရားသုံးဆူမြို့မှ ထွက်သွားပြီဖြစ်ကြောင်း မွန်ပြည်သစ်က ဆိုသည်။

အဆိုပါဖြန့်ဝေစာနှင့် ပတ်သက်သူ မချိုချိုဝေကလည်း မိမိ၏ လက်ချက် မဟုတ်ကြောင်း စစ်အစိုးရ ဒေသခံ အာဏာပိုင်၊ မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံစဉ်က ထွက်ဆိုခဲ့ကြောင်း သိရသည်။

“မချိုချိုဝေနဲ့ ကျနော်တို့နဲ့ တွေ့တုန်းက သူမဟုတ်ဘူးဆိုတာ ကိုယ်တိုင် ပြောခဲ့တယ်။ အခုဟာက တရားခံကိုလည်း မဖမ်းမိဘူး။ အဲဒီနောက်ပိုင်းမှာ မချိုချိုဝေ ပျောက်သွားတယ်။ အဲဒါအတွက် အဖြစ်မှန် ရှာပေးဖို့ ကျနော်တို့ ပြောတယ်”ဟု မွန်ပြည်သစ်မှ အရာရှိတစ်ဦးက ပြောသည်။

လေ့လာသုံးသပ်သူများ၏ အဆိုအရ ယင်းစာ ဖြန့်ဝေမှုသည် ဘုရားသုံးဆူမြို့ အာဏာပိုင် အဖွဲ့တစ်ဖွဲ့၏ လက်ချက်ဟု ယူဆနေကြသည်။

၎င်းဖြန့်ဝေစာများနှင့် ပတ်သက်၍ မွန်ပြည်သစ် အထွေအထွေ အတွင်းရေးမှူးက “ကျနော်တို့ပါတီက လက်နက်ကိုင် နိုင်ငံရေးပါတီ ဖြစ်ပေမယ့် အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်တော့ မဟုတ်ဘူး။ ကျနော်တို့ ပါတီဝင်အချင်းချင်း ထင်ယောင်ထင်မှား ဖြစ်အောင် သပ်လျှိုဖြိုခွဲတာပဲ”ဟု ပြောကြားသည်။

Most read this week