ရန်ကုန် အိမ်ခြံမြေ စျေးကွက်မှာ ရောင်းသူစျေးကွက် ဖြစ်လာ

ရန်ကုန် အိမ်ခြံမြေ စျေးကွက်မှာ ရောင်းသူစျေးကွက် ဖြစ်လာ
ကျပ် ၅၀၀၀ တန် ထုတ်ဝေမည်ဟု ကြေညာပြီးနောက် ရန်ကုန်တွင် အိမ်၊ ခြံ၊ မြေ စျေးကွက်သည် ၅ ရက်အတွင်း ရောင်းသူစျေးကွက် ဖြစ်လာကြောင်း ပွဲစားအသိုင်းအဝိုင်း အဆိုအရ သိရ ...

နယူးဒေလီ။     ။ ကျပ် ၅၀၀၀ တန် ထုတ်ဝေမည်ဟု ကြေညာပြီးနောက် ရန်ကုန်တွင် အိမ်၊ ခြံ၊ မြေ စျေးကွက်သည် ၅ ရက်အတွင်း ရောင်းသူစျေးကွက် ဖြစ်လာကြောင်း ပွဲစားအသိုင်းအဝိုင်း အဆိုအရ သိရသည်။

လွန်ခဲ့သည့် နှစ်လအတွင်း အိမ်၊ ခြံ၊ မြေ ငှားရမ်းဝယ်ယူသူ နည်းပါးခဲ့သဖြင့် ဝယ်သူစျေးကွက် ဖြစ်ခဲ့သော်လည်း ယခုလ ၂၄ ရက်နေ့တွင် ၅၀၀၀ တန် ငွေစက္ကူထုတ်မည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရောင်းသူစျေးကွက် ဖြစ်လာခြင်း ဖြစ်သည်။   

“ပြီးခဲ့တဲ့ လတွေက ရက် ၂၀ လောက်ထိ စျေးဦးမပေါက်၊ အလုပ်မဖြစ်တာတွေ ရှိတယ်။ ဝယ်သူစိတ်ကြိုက် ဖြစ်အောင် စိတ်ရှည်ရှည်နဲ့ကို ရှာပေးရတယ်။ ရွှေစျေးနဲ့ ဒေါ်လာစျေး တက်တဲ့နောက်ပိုင်း စျေးကွက်က ရောင်းသူစျေးကွက် ဖြစ်လာတယ်” ဟု လသာမြို့နယ်မှ အိမ်ခြံမြေ ပွဲစားတဦးက မဇ္ဈိမကို ပြောသည်။

ယခုအခါ အိမ်ခြံမြေ ပိုင်ရှင်အချို့က စျေးနှုန်းကို ရာခိုင်နှုန်း မြှင့်တင်လိုက်သလို၊ အချို့မှာ ရောင်းချရန်ပင် ရပ်ဆိုင်းလိုက်ကြောင်း ကျောက်တံတားမြို့နယ်မှ ပွဲစားတဦးက ပြောသည်။

သူက “တချို့က အရောင်းပိတ်ထားတယ်။ တချို့ကလည်း သိပ်မရောင်းချင်တော့ ၁၀၀ (သိန်း) လောက်အထိ တက်ခေါ်တာရှိတယ်။ အရင်က ၄၀၀ လောက် ခေါ်ထားရင် အခုက ၄၅၀၊ ၅၀၀ အထိ တက်ခေါ်တာပေါ့” ဟု ပြောသည်။

ငွေကြေးရင်းနှီးမြှုပ်နှံရာတွင် အကျိုးရှိသည့် စျေးကွက်အဖြစ် လူသိများသော အိမ်ခြံမြေစျေးကွက်တွင် ယခုထက် ပိုမိုစျေးတက်ဖွယ် ရှိသဖြင့် ပိုင်ရှင်များက မရောင်းချသေးဘဲ ခေတ္တထိန်းထားခြင်း ဖြစ်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှ အိမ်ခြံမြေ ပွဲစားတဦးကမူ ယခုလ ၂၅ ရက်နေ့မှ စတင်၍ အရောင်းအဝယ် ပိုဖြစ်လာသည်ဟု ဆိုသည်။

“အရင်က တလလုံးမှ ၁ ပွဲ၊ ၂ ပွဲ ဖြစ်အောင်တောင် မနည်းကြိုးစားခဲ့ရတယ်။ အခု ဒီလတော့ ၂၅ ရက် နောက်ပိုင်းတင် ၂ ပွဲ။ တလလုံးဆိုရင် ၄ ပွဲလောက် အလုပ်ဖြစ်တယ်။ ပိုက်ဆံ လက်ထဲထားလည်း မထူးဘူးလေ။ နဂိုက ဝယ်ဖို့စီစဉ်နေတဲ့ လူတွေက ဒီထက်ပိုပြီး စျေးတက်မှာစိုးလို့ ဝယ်ကြတဲ့သဘောပါ” ဟု သူက ပြောသည်။ ငွေစက္ကူထုတ်မည်ဟု မကြေညာခင်က ရှိခဲ့သည့် စျေးနှုန်းမျိုးအထိ အိမ်ခြံမြေစျေး ပြန်ကျဖွယ် မရှိကြောင်း သူက ဆိုသည်။

အိမ်ခြံမြေစျေးကွက် အပြောင်းအလဲနှင့် တချိန်တည်းတွင် မြန်မာ့အိမ်နီးချင်း နှစ်နိုင်ငံနယ်စပ်များတွင် ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

ထိုင်း-မြန်မာ ငွေလဲနှုန်းမှာ ထိုင်း ၁ ဘတ်သည် ၂၉ ကျပ် ၅၀ ပြား ရှိခဲ့ရာမှ ယခုအခါ ၃၃ ကျပ် ၈၀ ပြားသို့လည်းကောင်း၊ အိန္ဒိယငွေ ၁ ရူပီးမှာ ၂၁ ကျပ် ၅၀ ပြားမှ ၂၂ ကျပ် ၅၀ ပြားသို့လည်းကောင်း ဖြစ်သွားသည်။

သို့သော် တရုတ်ငွေကြေးနှင့် လဲလှယ်ရာတွင် မြန်မာငွေစျေး အနည်းငယ် မြင့်တက်ခဲ့သည်။ ယခင်က ၁ ယွမ်လျှင် ၁၆၉ ကျပ် ၅၀ ပြား ရှိခဲ့ရာမှ ယခုအခါ ၁၆၁ ကျပ် ၃၀ ပြားသို့ တက်သွားသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)

Most read this week