ဘီဘီစီ မေးမြန်းသည့် အတိုင်းမဟုတ်မှန်ဟု ၀ အရာရှိများဆို

ဘီဘီစီ မေးမြန်းသည့် အတိုင်းမဟုတ်မှန်ဟု ၀ အရာရှိများဆို
တရုတ်နယ်စပ် အခြေစိုက် ၀ နှင့် မိုင်းလား တပ်ဖွဲ့တို့မှ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောတူလိုက်ပြီ ဟူ၍ မြောက်ပိုင်းအပစ်ရပ် SSA အသိုင်းအဝိုင်းနှင့် မေးမြန်းစဉ် သိရှိခဲ့ရ ...

တရုတ်နယ်စပ် အခြေစိုက် ၀ နှင့် မိုင်းလား တပ်ဖွဲ့တို့မှ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောတူလိုက်ပြီဟူ၍ မြောက်ပိုင်းအပစ်ရပ် SSA အသိုင်းအဝိုင်းနှင့် မေးမြန်းစဉ် သိရှိခဲ့ရသည် ဆိုသော သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ပန်ဆန်းဌာနချုပ်ရှိ ၀ အရာရှိတဦးက ပြောဆိုပါသည်။

“ဘီဘီစီမေးတဲ့အတိုင်း မဟုတ်ပါဘူးဗျာ။ နောက်လာမယ့် အစိုးရသစ်နဲ့ပြောဆိုဆွေးနွေးပြီးမှသာ အသွင်ပြောင်းရင်ပြောင်း မယ်။ အခုတော့ မဖြစ်နိုင်သေးဘူး” - ဟု ပြောပါသည်။

ယခုလနောက်ဆုံးပတ်က မြောက်ပိုင်း အပစ်ရပ် SSA ခေါင်းဆောင်အချို့ လားရှိုး ရမခ စစ်တိုင်းရုံးသို့ ရောက်ရှိနေချိန် ၀ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့ တို့ စစ်အစိုးရ၏ ဆန္ဒအတိုင်း သဘောတူလိုက်ပြီဖြစ်ကြောင်းသတင်းထွက်ပေါ်လာခဲ့ ခြင်း ဖြစ်ပါသည်။

“စစ်အစိုးရက ကျနော်တို့ကို တွေ့ဆုံဆွေးနွေးတာတွေ ခေါ်ယူစည်းရုံးတာတွေမလုပ်တာကြာပြီ၊ မိုင်းလားတို့၊ ကချင် တို့ သျှမ်းတပ်တို့နဲ့ဘဲတွေ့တာ၊ ကျနော်တို့နဲ့ဆွေးနွေးဖို့ သူတို့စာရင်းထဲက တမင်သက်သက် ထုတ်ပစ်တာပါ၊ သူတို့ ဆန္ဒအတိုင်း လိုက်လျောဖို့လဲ မဖြစ်နိုင်သေးပါဘူး” - ဟု ထိုအရာရှိက ပြောပါသည်။

ယခုလ ၂၇-၂၈/၉/၀၉ တရုတ်အစိုးရကိုယ်စားလှယ် နှင့် နအဖ ကိုယ်စားလှယ်တို့ ၀ ဌာနချုပ် ပန်ဆန်း၌တွေ့ဆုံဆွေး နွေး ဖို့ အစီအစဉ်ရှိသဖြင့် တရုတ်အာဏာပိုင်များကပန်ဆန်းဌာနချုပ်အရာရှိများအားကြို တင်စီစဉ်ထားပေး ရန်အ ကြောင်း ကြားကြောင်း၊ သို့သော် စစ်အစိုးရဖက်က ပန်ဆန်း၌ တွေ့ဆုံရန် လက်မခံ သောကြောင့်တရုတ်ကိုယ်စား လှယ်အား ပန်ဆန်းမှ တန့်ယန်းသို့ လာကြိုသွားခဲ့ကြောင်း - ပြောပါသည်။

“အခု ဒေသတွင်း နအဖ နဲ့ တရုတ် တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်ဘက်က ၉ ယောက်လာတယ်။ တန့်ယန်းက နအဖ စစ်ဗျူဟာမှူးလာကြိုသွားတယ်။ အရင်တုန်းက တရုတ်တွေ စစ်အစိုးရအာဏာပိုင်တွေနဲ့ ပန်ဆန်းမှာဘဲတွေ့တာ၊ ကျနော်တို့ ဘက်က နေရာထိုင်ခင်း နဲ့ အစည်းဝေးနေရာအတွက် ပြင်ဆင်ပေးတာကလွဲလို့ ဘာမှသွားမပတ်သက်ဘူး။ အခု ကျနော်တို့ အားလုံးပြင်ဆင် ထားပေမယ့် နအဖက ကျနော်တို့ ဌာနချုပ်မှာ မတွေ့လိုဘူး။   အဲဒီအရင်ကနဲ့ ထူးခြားမှုလို့ဆိုရမှာပေါ့” - ဟု ထိုအရာရှိက သျှမ်းသံတော်ဆင့် သို့ ဆက်ပြော၏။

ဖုန်ကြားရှင်း ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ကဲ့သို့ ၀ ခေါင်းဆောင်များလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား ခေါင်းခါငြင်းဆန်ထားသောကြောင့် ကိုးကန့်နည်းတူ ၀ တပ်ဖွဲ့အား စစ်အစိုးရ ထိုးစစ်ဆင်တိုက်ခိုက်လာ မည်ကို စိုးရိမ်နေသည်မှာ ကိုးကန့်အရေးအခင်းပြီးနောက်ပိုင်း ယနေ့အထိ ပြည်သူများ ရတက်မအေး ဖြစ်နေရကြောင်း သိရပါသည်။

Most read this week