မြန်မာဝန်ကြီးချုပ်က ကုလမိန့်ခွန်းကို ပြောနေကျ အတိုင်းပြော

မြန်မာဝန်ကြီးချုပ်က ကုလမိန့်ခွန်းကို ပြောနေကျ အတိုင်းပြော
ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယခင်ပြောနေကျ အတိုင်းပင် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်က စစ်အစိုးရ၏ ကြာရှည်စွာ စွဲကိုင်ထားသော နိုင်ငံရေးအမြင်နှင့် စစ်အစိုးရ၏ စံကျ ...

မဇ္ဈိမသတင်းဌာန ။      ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယခင်ပြောနေကျ အတိုင်းပင် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်က စစ်အစိုးရ၏ ကြာရှည်စွာ စွဲကိုင်ထားသော နိုင်ငံရေးအမြင်နှင့် စစ်အစိုးရ၏ စံကျသော အတွေးအခေါ်ကို ပဲ့တင်ထပ်ကာ ဓာတ်ပြားဟောင်းကြီး အတိုင်း တိုတိုတုတ်တုတ်ပင် ပြောကြားသွားသည်။

`ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ကျနော်တို့ အာရုံစိုက်လုပ်နေတာက တဦး တယောက်၊ တသင်းတဖွဲ့၊ ပါတီတရပ် စတဲ့ ကျဉ်းမြောင်းတဲ့ အကျိုးစီးပွားအတွက် လုပ်နေတာမဟုတ်ဘဲ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ကျယ်ပြန့်တဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်´ ဟု သူတို့တလျှောက်လုံး စွဲကိုင်ခဲ့သည့် စစ်တပ်၏ အကျိုးစီးပွားသည် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တထပ်ထဲပင် ဖြစ်သည်။ နိုင်ငံတော် မပြိုကွဲရေးအတွက် အစဉ်အမြဲ စောင့်ကြပ်ကြည့်ရှုနေရမည်ဟူသော အယူအဆအတိုင်း ပြောဆိုသွားခဲ့သည်။

၂၀၀၈ ခုနှစ် မေလတွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ ခိုင်မာတရားဝင်မှုကို သူက ထပ်လောင်းအတည်ပြု ပြောဆိုခဲ့ပြီး မဲဆန္ဒရှင် ၉၂.၄၈ ရာခိုင်နှုန်းက အတည်ပြုထောက်ခံခဲ့သည်ဟု ပြောသည်။ ဤမြန်မာကိုယ်စားလှယ်က သူတို့၏ `ဒီမိုကရေစီလမ်းပြ မြေပုံ´ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို သံသယဖြစ်ဖွယ်မလိုအောင်ပင် ပြောဆိုသွားခဲ့သည်။ သို့သော် ယင်းလမ်းပြမြေပုံကို မြန်မာ့ဒီမိုကရေစီအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေခဲ့ကြသည်။

`ဒီမိုကရေစီကို ပြင်ပမှ သွတ်သွင်းပြဋ္ဌာန်းခြင်း မပြုနိုင်ဘဲ မြန်မာနိုင်ငံနှင့် သင့်လျော်သော ဒီမိုကရေစီစနစ်သည် မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှသာ ပေါ်ထွက်လာနိုင်သည်´ ဟုလည်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

မြန်မာဝန်ကြီးချုပ်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ မြန်မာနို်င်ငံအပေါ် ထားရှိသော နိုင်ငံခြားရေး မူဝါဒ၏ တရားမျှတမှုမရှိခြင်းနှင့် အကြမ်းဖက်မှုပင် ဖြစ်သည်ဟု အပြင်းအထန် ထိုးနှက်တိုက်ခိုက်ခဲ့သည်။

`ပိတ်ဆို့အရေးယူမှုများကို ထင်သလို အရမ်းကာရော ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းပိတ်ဆို့အရေးယူမှု ကိုယ်တိုင်ကပင် အကြမ်းဖက်မှု ဖြစ်နေသည်။ ယင်းကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေးအတွက် လက်နက်အဖြစ် အသုံးပြုခဲ့သည်ဟု တရားဝင် ယူဆရန် မဖြစ်နိုင်ပါ´ ဟု ဝန်ကြီးချုပ်က ဒေါကြီးမောကြီး ပြောကြား သွားသည်။ ပိတ်ဆို့အရေးယူမှုများကို သမိုင်းရေးနှင့် ယဉ်ကျေးမှုရေးရာ နောက်ခံများအရ ထည့်သွင်း စဉ်းစားခြင်းမပြုဘဲ နိုင်ငံရေးနှင့် စီးပွားရေးတွင် သြဇာလွှမ်းမိုးမှုရှိစေရန် အသုံးချခဲ့ခြင်းသာဖြစ်သည်ဟု သူက ပြောသည်။

ဤသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေမည့်အစား ဖွ့့ံဖြိုးပြီးနိုင်ငံများသည် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများကို တရားဝင် တိုက်ရိုက်အကူအညီ (ODA) ကို ပိုမိုပေးအပ်သင့်သည်ဟု မြန်မာကိုယ်စားလှယ်က ပြောသွားသည်။ ဤသို့သော ချဉ်းကပ်မှုမျိုးသည် တရုတ်နိုင်ငံက မကြာသေးမီ နှစ်များအတွင်း ကျင့်သုံးခဲ့သော နိုင်ငံခြားရေးမူဝါဒ၏ အဓိကအချက် ဖြစ်သည်။ ယင်းပုံသေနည်းကို ဆန့်ကျင်သူများက လူ့အခွင့်အရေး ပြဿနာများကို လျစ်လျူရှုထားသည်ဟု ဝေဖန် ကြသည်။

အထွေထွေ ညီလာခံသို့ တက်ရောက်လာသော အခြားနိုင်ငံ အများအပြားနည်းတူပင် ကုလသမဂ္ဂကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်၊ ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်တွင် ပိုမို၍ ဒီမိုကရေစီရှိစေရေး ရည်ရွယ်ချက်ထားရှိရန် ဦးသိန်းစိန်က ပြောဆိုသွားသည်။

သို့သော် မြန်မာကိုယ်စားလှယ်က မကြာသေးခင်က ကျင်းပပြီးစီးသွားသော လုံခြံုရေးကောင်စီ ထိပ်သီးအစည်းအဝေး ကို သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သော အမေရိကန်သမ္မတ အိုဘားမားကိုမူ နျူကလီးယားလက်နက်များ ပပျောက်ရေး ဦးစားပေး ပြောကြားခဲ့သည့်အတွက် ချီးကျူး ပြောကြားခဲ့သည်။

`နျူကလီးယားလက်နက်များ လုံးဝပပျောက်ရေး ကြန့်ကြာနေသည့် အတွက် ကျနော်တို့အနေဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်း မရှိသော နိုင်ငံများအတွက် လုံခြံုရေး အာမခံချက်ရှိစေမည့် တကမ္ဘာလုံး လွှမ်းခြံုသည့်၊ ခြွင်းချက်မရှိသည့်၊ တရားဝင် စည်းနှောင်မှုရှိသည့် စာချုပ်တရပ် ပေါ်ပေါက်လာရေး ဦးတည်ကြိုးပမ်းသင့်သည်ဟု ယူဆပါကြောင်း´ ဦးသိန်းစိန်က ပြောသွားသည်။ ထို့ပြင် နိုင်ငံတိုင်းသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ခွင့်လည်း ရှိသင့်သည်ဟု သူက ပြောဆိုသွားသည်။

လက်ရှိ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် ပတ်သက်၍မူ ဝန်ကြီးချုပ်က လက်ရှိကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ပြည်တွင်းတွင် စားနပ်ရိက္ခာနှင့် လောင်စာစျေးနှုန်းများ တက်ခြင်းကဲ့သို့သော လူမှုရေးရောဂါများ ဖြစ်ပွားစေခဲ့သည်ဟု ပြောဆိုသွားသည်။ ထိုသို့ အစားအသောက်နှင့် လောင်စာစျေးနှုန်းများ တက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ကြသည့် လူထုဆန္ဒပြပွဲများကို ဖြစ်ပွားစေခဲ့သည်။

စကားပြောစင်မြင့်မှ ပြန်လည်မထွက်ခွာမီ ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သော အဖျက်စွမ်းအား ကြီးမားလှသည့် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်များကို ချီးကျူး ပြောဆိုခဲ့ သည်။

နာဂစ်နှင့် ဆက်နွယ်သော နာလန်ထူရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်သော စီမံကိန်း ရန်ပုံငွေများ ပေးအပ်ပါရန်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားပြောဆိုခဲ့သည်။ နာဂစ်လွန် နာလန်ထူရေးနှင့် အသင့်ပြင်ရေး စီမံကိန်း (PORNREPP) အတွက် လိုအပ်သော ဒေါ်လာ ၆၉၁ သန်းအတွက် အလှူရှင် နိုင်ငံများက ထက်ဝက်မျှသာ ထည့်ဝင်ရသေးသည်ဟုလည်း သူက ပြောသည်။