တာချီလိတ်တွင် စိတ်ကြွဆေးပြား လေးသိန်းခန့် နှင့် တရားခံ ၈ ဦး ဖမ်းမိ

တာချီလိတ်တွင် စိတ်ကြွဆေးပြား လေးသိန်းခန့် နှင့် တရားခံ ၈ ဦး ဖမ်းမိ
by -
ဇော်ကြီး
တာချီလိတ်မြို့နယ်၊ ရွှေတြိဂံနယ်မြေတွင် ယာမခေါ် စိတ်ကြွဆေးပြား လေးသိန်းခန့် နှင့် သယ်ဆောင်လာသူ ၈ ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ တာချီလိတ်မြို့ အရှေ့မြောက်ဖက် ကီလိုမီတာ ၃၀ ခန့်အကွာ ...

တာချီလိတ်မြို့နယ်၊ ရွှေတြိဂံနယ်မြေတွင် ယာမခေါ် စိတ်ကြွဆေးပြား လေးသိန်းခန့် နှင့် သယ်ဆောင်လာသူ ၈ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

တာချီလိတ်မြို့ အရှေ့မြောက်ဖက် ကီလိုမီတာ ၃၀ ခန့်အကွာ ၀မ်ပုံရွှေတြိဂံနယ်မြေနှင့် ပါခုတ် ကျေးရွာကြားရှိ ဟုန်ပန်းစိုက်ပျိုးရေးခြံအတွင်း WY တံဆိပ်ပါ ယာမခေါ် စိတ်ကြွဆေးပြား လေးသိန်းခန့်အား ယခုလ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု ၀မ်ပုံဒေသခံ တဦးက ယခုလိုပြောသည်။

“သူတို့ကိုမိတာက ခြံထဲမှာ။ သတင်းအရသွားပြီး၊ ၀ုိင်းပြီးရှာတော့ တွေ့တာပေ့ါနော်။ ဟုန်ပန်း စိုက်ပျိုးရေးခြံထဲမှာ အလုံးရေက သုံးသိန်းခုနှစ်သောင်း လေးထောင်။”

အဆိုပါစိတ်ကြွဆေးများအား လောနိုင်ငံဖက်သို့ သယ်ဆောင်ရန်ဖြစ်ပြီး နယ်မြေခံလှုပ်ရှား တပ်ရင်း ခမရ ၃၃၁ မှ ဗိုလ်မှူး သိန်းထွဋ်စိုး ဦးဆောင်သည့် တိုက်ကင်းအဖွဲ့မှ သတင်းရှိချက် အရ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးများနှင့်အတူ အိုက်ဆေး(၂၁)နှစ်၊ အိုက်မိန်း(၂၀)နှစ်၊ အိုက်လိုင်း(၁၈)နှစ်၊ အိုက်တား(၂၀)နှစ်၊ ဆီလိုင်း(၂၀)နှစ်၊ အိုက်စကတ်(၂၅)နှစ်၊ အိုက်ဆျဲန်(၃၃)နှစ်၊ စိုင်းလုံ (၂၅)နှစ်တို့ ရှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသူများမှာ “၀” နှင့် ရှမ်းလူမျိုးများဖြစ်ပြီး ၀မ်ပုံကျေးရွာနှင့် မိုင်းဆတ်မြို့နယ် အတွင်းရှိ ပိန်းခမ်းကျေးရွာများတွင် နေထိုင်သူများဖြစ်သည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းတို့အား ယခုအခါ စစ်ဖက်ရေးရာလုံခြံုရေး(စရဖ) က ခေါ်ယူစစ်ဆေးနေသည်။

ယခုလ ၁၁ ရက်နေ့ကလည်း တာချီလိတ်မြို့ လွယ်တော်ခမ်းဂိတ်တွင် မိုင်းဆတ်မြို့မှ အိုက်ညီနှင့် အိုက်လိတ်တို့နှစ်ဦး မောင်းနှင်လာသည့် မော်တော်ကားမှ အလားတူ စိတ်ကြွဆေးပြား နှစ်သိန်းကျော်အား ဖမ်းဆီး မိခဲ့ပြီး နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုအရ စိတ်ကြွဆေးအလုံးရေ သုံးသန်းခန့်နှင့် လက်နက် ခဲယမ်းများအား ဖမ်းဆီးမိခဲ့သည်။

စိတ်ကြွဆေးတစ်ပြား၏ ယခုကာလပေါက်စျေးမှာ ကျပ် ၃၀၀၀ ခန့် တန်ဖိုးရှိသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးမိခဲ့သည်။

Most read this week