၅၀၀၀ ကျပ်တန် ထုတ်သည်မှာ ယတြာ ချေခြင်းဟု ပညာရှင် ပြောဆို

၅၀၀၀ ကျပ်တန် ထုတ်သည်မှာ ယတြာ ချေခြင်းဟု ပညာရှင် ပြောဆို
by -
ကျော်ခ
ငွေစက္ကူ ကျပ် ၅၀၀၀ တန်ကို လာမည့်လ ၁ ရက်နေ့တွင် စတင် ဖြန့်ဝေခြင်းသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ဗိုလ်ချုပ်များ အာဏာ တည်မြဲစေရန် ...

မဇ္စျိမ (ချင်းမိုင်)။       ။ ငွေစက္ကူ ကျပ် ၅၀၀၀ တန်ကို လာမည့်လ ၁ ရက်နေ့တွင် စတင် ဖြန့်ဝေခြင်းသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ဗိုလ်ချုပ်များ အာဏာ တည်မြဲစေရန် ဗေဒင် ကိန်းဂဏန်းများဖြင့် တွက်ချက်ထုတ်ဝေခြင်း ဖြစ်သည်ဟု ဗေဒင်နှင့် ယတြာ ပညာရှင်တဦးက ပြောသည်။

ငွေစက္ကူ ဖြန့်ဝေမည့် လသည် ဆယ် (၁၀) လပိုင်းဖြစ်၍ “ဆယ်မခြင်း” ဆောင်ပြီး သီတင်းကျွတ်လ ဖြစ်သည့် အ လျောက် အလှူဒါနများ ပြုလုပ် သည့် လတွင် အလှူအတန်း ငွေများထဲ ပါသွားစေရန် အချိန်ကိုက် ပြုလုပ်၍ ယတြာ ချေခြင်း ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ (ဗေဒင်နှင့် ယတြာ) ဆရာ ဦးလွင်မောင်သန်းက ပြောဆိုခြင်း ဖြစ်သည်။

“သူတို့ ဗိုလ်ချုပ်မှူးကြီးတွေ အာဏာ တည်မြဲဖို့အတွက် ယတြာ ချေတာပါပဲ။ ဘုရင် ခေတ်ကနေ အခု အချိန်အထိ သူတို့က ယတြာနဲ့ပဲ သွားတာ ကိုး။ ယတြာ ဆိုတာကတော့ သူတို့ ဘယ်လိုမှ ငြင်းစရာ မရှိပါဘူး။ ငါးထောင် (၅၀၀၀) ဆိုပြီးတော့ ကိုးနဝင်းပေါ့ဗျာ။ ‘င ရေးချ ဝိစနှစ်လုံးပေါက် ငါး၊ သဝေထိုး ထဆင်ထူး ရေးချ ငသတ်ထောင် ငါး ထောင်’ ဆိုပြီးတော့ သူက တနင်္လာ (၂) နဲ့ စနေ (၇) နဲ့ကို တွဲပြီးတော့ ကျပ်ဆိုတဲ့ စာလုံးကို သူက အောက်မှာ ထားတာကို တွေ့ရတယ်။ ကိုးနဝင်းခံ လုပ်တာပေါ့” ဟု ဆရာ ဦးလွင်မောင်သန်းက မဇ္စျိမကိို ပြောသည်။

ကိုးနဝင်း ဆိုသည်မှာ ဗုဒ္ဓဘုရား ဟောကြားတော်မူသည့် လောကီ အကျိုးစီးပွား ဖြစ်ထွန်းစေသော ဂုဏ်တော် ၉ ပါးကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

ငွေစက္ကူ၏ ေ့ရှဘက်တွင် ဆင်ဖြူတော်နှင့် နောက်ကျော ဘက်တွင် လွှတ်တော် အဆောက်အဦးကို ဖော်ပြ သဖြင့် အများပြည်သူများ ဝေဖန် နေကြသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသည် ဘုရင်စနစ်ဖြင့်  အာဏာကို ဆက်လက် တည်မြဲစေရန် ဆုပ်ကိုင်ချင်သည့် သဘောကို ဆောင်ကြောင်း သူက ဆက်ပြောသည်။

“ဆင်ဖြူရဲ့ သဘော သဘာဝအရ ဆိုလို့ ရှိရင်တော့ ရာသီဥတုတွေ ကောင်းမယ်၊ ဆန်၊ ရေ၊ စပါးတွေ ပေါများမယ်    ဆိုတဲ့သဘော ကတော့ ကျနော်တို့ ပြည်သူတွေ အတွက်ကတော့ ကောင်းပါတယ်။ သို့သော် ဆင်ဖြူကို သူက တလွဲ အသုံးချ ပြီးတော့ ပြည်သူတွေကို နင်းချေ သတ်ဖြတ် မယ် ဆိုရင်တော့ မကောင်းဘူးပေါ့” ဟု ဦးလွင်မောင်သန်းက ဆိုသည်။

ငွေစက္ကူ တရွက်လုံး၏ ပေါ်လွင်သော အရောင်သည် အနီရောင် ဖြစ်သည်။

အနီရောင်သည် မကောင်းသည့် အတိတ်နမိတ် လက္ခဏာ ဆောင်သည်ဟု ယူဆနိုင်ပြီး၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ပုံအား ဖယ်ထုတ်ကာ တိရစ္ဆာန်များကို အစားထိုး လာခြင်းသည် ငွေတန်ဖိုး ထပ်မံ ကျဆင်းမည့် လက္ခဏာ ဆောင်ကြောင်း ဦးလွင်မောင်သန်းက ပြောသည်။

“ကျနော်တို့ ဗိုလ်ချုပ်ကို အထွဋ်အမြတ်ထားသလို အခု သူတို့က တိရစ္ဆာန်ပုံတွေကို ထားပြီးတော့ သူတို့အနေနဲ့ အထွဋ်အမြတ် ထားစရာ လူမရှိဘူး ပေါ့ဗျာ။ ဒါ ကျနော်တို့ မြန်မာ ပိုက်ဆံရဲ့ သဘော သဘာဝကိုက ဆုတ်ယုတ်တဲ့ သဘောပဲ။ ငွေကြေး ဖောင်းပွ လာသလို တိရစ္ဆာန် အဆင့်လောက်ဆိုတော့ တဖြည်းဖြည်း တန်ဖိုးက ကျသွားမှာပါပဲ။ ဒီ ၅၀၀၀ တန်လည်း တဖြည်းဖြည်းနဲ့ ကျသွား ပြီးတော့ ဒီတရွက်ကလည်း နောက်ဆို လက်ဖက်ရည် တခွက်လောက်ပဲ ရတော့မယ့် သဘော ရှိပါတယ်” ဟု သူက ပြောသည်။

စစ်အစိုးရများ လက်ထက်တွင် လူပုံများအစား ယခင်က ခြင်္သေ့ပုံနှင့် အစားထိုး လာရာမှ ယခုတဖန် ဆင်ဖြူတော်ပုံနှင့် အစားထိုး ထုတ်ဝေခြင်း များ ပြုလုပ်လာသည်။ ကေသရာဇာ ခြင်္သေ့မင်းသည် တိုက်စစ် အသွင်ဆောင်ပြီး ဆင်ဖြူတော် သည် ခံစစ်ကို အသွင်ဆောင် ကြောင်း သိရသည်။

“သူတို့ကောင်းဖို့ အတွက်ကို ယတြာ ချေသော်လည်းပဲ၊ တဖက်က ပြန်ကြည့်ရင်၊ ခါတိုင်းလို ခြင်္သေ့ မသုံးဘဲ ဆင် သုံး တယ်ဆိုတဲ့ အတွက်ကြောင့် သူတို့မှာလည်း တိုက်စစ် အနေအထားတော့ မရှိတော့ပါဘူး။ ခံစစ် အနေအထားကို ရောက်နေပါပြီ။ သူကတော့ ဘုရင်စနစ်ကိုတော့ တည်မြဲချင် တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ အရင်လိုတော့ မောက်မောက် မာမာတော့ မရှိနိုင် တော့ဘူးပေါ့ဗျာ။ ခံစစ်အနေအထားကို ပြောင်းသွားပါပြီ” ဟု ဆရာ ဦးလွင်မောင်သန်းက ပြော သည်။

ငွေစက္ကူ  ၅၀၀၀ ကျပ် တန်သည် လာမည့် ၁၀ လပိုင်း ၁ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်သော်လည်း မြန်မာ့ ရုပ်မြင်သံကြားနှင့် အစိုးရ အာဘော် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများတွင် ဖော်ပြခဲ့သည့် နေ့တွင် ရွှေနှင့် ဒေါ်လာစျေး အပြင် စားသုံးကုန် စျေးများ သိသာစွာ ထိုးတက်သွားခဲ့ပြီး ယခုအခါ မူလစျေးဆီသို့ တရိပ်ရိပ် ပြန်လည် လျောကျလာနေသည်။

Most read this week