လေယာဉ်မောင်း သင်တန်း တက်နိုင်မည်

လေယာဉ်မောင်း သင်တန်း တက်နိုင်မည်
by -
ဖိုးဇော်
ငွေကြေး ချမ်းသာသူ မြန်မာ နိုင်ငံသားများ အနေဖြင့် အမေရိကန် ဒေါ်လာ ၃ သောင်းခွဲ အကုန်ကျ ခံ၍ ဖိလစ်ပိုင် နိုင်ငံတွင် လေယာဉ်မောင်း သင်တန်း တက်ရောက်နိုင်ပြီ ...

ချင်းမိုင် (မဇ္စျိမ)။      ။ ငွေကြေး ချမ်းသာသူ မြန်မာ နိုင်ငံသားများ အနေဖြင့် အမေရိကန် ဒေါ်လာ ၃ သောင်းခွဲ အကုန်ကျ ခံ၍ ဖိလစ်ပိုင် နိုင်ငံတွင် လေယာဉ်မောင်း သင်တန်း တက်ရောက်နိုင်ပြီ ဖြစ်သည်။

တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင် ထားပြီး အချိန်တိုတို အတွင်း လေယာဉ်မှူး တဦး ဖြစ်လိုသူများ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ လူဇုံ Lyzon မြို့ရှိCyclone Flying ကျောင်းတွင် သင်တန်း တက်နိုင်ပြီ ဖြစ်ကြောင်း ကျောင်းနှင့် ဆက်စပ် နိုင်ရေး ဝန်ဆောင်မှု ပေးနေသော ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိMyanmar Golden Bridge Co.,Ltd မှ တာဝန်ရှိသူ တဦးက ပြောဆိုခြင်း ဖြစ်သည်။

“အဓိက အဆုတ်ကောင်း ရမယ်။ လေယာဉ်က အမြင့်ကို တက်ရတဲ့ အတွက် အဲဒီလို အမြင့်ကို တက်တဲ့ အချိန်မှာ အဆုတ် မကောင်းတဲ့ လူဆို ခံနိုင်ရည် မရှိဘူး။ ကာလာ ဘလိုင်း (အရောင် မခွဲခြားနိုင်သူ) လက်မခံဘူး။ အစ်မ တို့က ဟိုဘက် သင်တန်းကျောင်းနဲ့ ချိတ်ပေးရုံ ပါပဲ။ လေဆိပ်မှာ လူလာကြိုဖို့၊ သင်တန်းကျောင်းကို သွားဖို့၊ သင်တန်း ကျောင်း ကို ငွေသွင်းဖို့၊ အဲဒီ ဝန်ဆောင်မှု တွေကိုပဲ အဓိက လုပ်ဆောင်ပေးပါတယ်” ဟု ကုမ္ပဏီ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

သင်တန်း နည်းပြများမှာ ဖိလစ်ပိုင် နိုင်ငံသား လေယာဉ်မှူးဟောင်း များဖြစ်ပြီး သင်တန်း ကာလမှာ ရ လမှ ၁၀ လ အထိ ကြာမြင့်မည်ဖြစ်ကာ၊ စာတွေ့ သင်ကြားပြီးလျှင် မြေပြင်နှင့် ဝေဟင် နာရီ ၂၀၀ လက်တွေ့ မောင်းနှင် ရမည် ဖြစ်သည်။

သင်တန်းကြေး အမေရိကန် ဒေါ်လာ ၃ သောင်းခွဲ (နေစရိတ်ငြိမ်း) ကို သုံးကြိမ်ခွဲ ပေးရမည်ဖြစ်ကာ၊ သင်တန်းကာလ အတွင်း ကုန်ကျမည့် စားစရိတ် ဒေါ်လာ ၅၀၀၀ ခန့်ကို သင်တန်းသားက ကုန်ကျ ခံရမည်။

သင်တန်းပြီးပါက ပြည်တွင်း ကုန်တင် လေယာဉ်နှင့် အသေးစား လေယာဉ်များ မောင်းနှင်ရန် အဆင်သင့် ဖြစ်ကြောင်း နှင့် သို့ရာတွင် လေယာဉ်ကြီးများ မောင်းနိုင်ရန်မှာမူ နာရီ ၁၅၀၀မောင်းနှင်မှု မှတ်တမ်း လိုအပ်နေသေးမည် ဖြစ်ကြောင်း သိရသည်။

Myanmar Golden Bridge Co.,Ltd ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင် ထူထောင် ထားခဲ့ပြီး၊ ယခုအချိန်ထိ ဖိလစ်ပိုင် လေယာဉ်မောင်း သင်တန်းသို့ ၃ ဦးသာ တက်ရောက် နိုင်သေးကြောင်း သိရသည်။

Most read this week