မဇ္ဈိမ (ချင်းမိုင်)။ ။ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ကိုယ်စားလှယ်များက ဗဟို အလုပ်အမှုဆောင် အဖွဲ့အား ယနေ့ တောင်းဆို လိုက်သည်။
ဗဟိုနှင့် ပြည်နယ် အန်အယ်ဒီ လူငယ် အကူအညီပေးရေး အဖွဲ့ ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ဗဟို ဌာနချုပ်ရုံးတွင် ယနေ့ ပြုလုပ်သည့် ပဥ္စမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ ယင်းသို့ ဆုံးဖြတ် တောင်းဆိုခြင်း ဖြစ်သည်။
“ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကတော့ လက်ရှိ အခြေအနေနဲ့ ပတ်သက် ပြီးတော့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်ပါ။ လူငယ်တွေ အခက်အခဲတွေ ကြားကနေ တွေ့ဆုံ ကြတယ်ဆိုတော့ အားရကျေနပ်မှု ရှိပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသူ ပဲခူးတိုင်း လူငယ် အကူအညီပေးရေး တာဝန်ခံ (၁) ကိုအောင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။
သို့သော် လူငယ်များ၏ တောင်းဆိုချက်အပေါ် ဗဟို အမှုဆောင် အဖွဲ့အနေဖြင့် စီစဉ်ပေးရန် လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးကြောင်း အန်အယ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
“လူငယ်တွေ တောင်းဆို သင့်ပါတယ်။ ဗဟို အလုပ်အမှုဆောင်များ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာပို့ထားတာတောင် အခုချိန်ထိ ဘာမှ မတုံ့ပြန် သေးဘူးဆိုတော့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့အနေနဲ့ စီစဉ်ပေးနိုင်မှာ မဟုတ်သေးဘူး” ဟု သူက ပြောသည်။
ပြီးခဲ့သည့် ၁၆ ရက်နေ့က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သည့်စာတွင် နေအိမ် အကျယ်ချုပ် ကျခံ နေရသည့် အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရန် ရေးသား တောင်းဆိုခဲ့သည်။
အန်အယ်ဒီ လူငယ်များ၏ ယနေ့ အစည်းအဝေးမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့၏ ဦးဆောင်မှုကို ခံယူကာ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များ အောင်မြင် သည်အထိ ကျယ်ပြန့် စွာ ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း ဆုံးဖြတ် ခဲ့ကြသည်။
ပြီးခဲ့သည့် မတ်လမှစ၍ အန်အယ်ဒီ လူငယ် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့များအား ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် အပါအဝင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းများရှိ ၆၉ မြို့နယ်၌ ဖွဲ့စည်း နိုင်ခဲ့သည်။
အန်အယ်ဒီ မိတ္ထီလာ မြို့နယ်စည်း အဖွဲ့ဝင်များ၏ ယနေ့ ပြုလုပ်သည့် လပတ် အစည်းအဝေးမှလည်း ပြည်နယ်နှင့် တိုင်း အစည်းအဝေးခေါ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသို့ ထပ်မံ တောင်းဆို လိုက်သည်။
“တိုင်းအဆင့်နဲ့ မြို့နယ် တလတကြိမ် ခေါ်ပေးဖို့။ အခု အချိန်မရှိတော့ဘူး။ ပြည်သူတွေ အားကိုးတဲ့ အဖွဲ့ဖြစ်ဖို့ အန်အယ်ဒီကို တိုက်ပွဲဝင်တဲ့ ပါတီ၊ ဒီမိုကရေစီ အောင်ပွဲ ခံနိုင်အောင်လို့ မူဝါဒ ဖွဲ့ဖို့တွေ၊ ပထမဆုံး တနိုင်ငံလုံး အတိုင်း အတာ အစည်းအဝေး ခေါ်ဖို့ပဲ။ ပါတီဗဟိုက ပြည်သူနဲ့ ကင်းကွာ နေပြီးတော့ ပါတီကြီး အားရှိဖို့တလျှောက်လုံး တောင်းတာ မရခဲ့ဘူး။ ခက်ခဲတယ်ဆိုပြီး မခေါ်ခဲ့ဘူး” ဟု မိတ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္စျိမကို ပြောသည်။