နယူးဒေလီ။ ။ ရန်ကုန် အောင်ဆန်းအားကစားကွင်းကို မြက်ခင်းတု ကွင်းအဖြစ် ပြောင်းလဲရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က ခွင့်မပြုသဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က မြက်ခင်းအစစ်သာ ဆက်လက်အသုံုးပြုရမှာဖြစ်သည်။
စင်္ကာပူမှ ATS Landscaping and Construction ကုမ္ပဏီနှင့် MFF တို့၏ သဘောတူချက်အရ မြက်ခင်းတု ကွင်းအဖြစ် ပြုလုပ်ရန် စီစဉ်နေသော်လည်း အဆိုပါ အောင်ဆန်းကွင်းသည် နိုင်ငံတကာ ပွဲစဉ်များ ကျင်းပသည့် အားကစားကွင်း များထဲတွင် တကွင်းအပါအဝင် ဖြစ်သဖြင့် FIFA က ခွင့်မပြုခြင်းဖြစ်ကြောင်း MFF မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
“ပြီးခဲ့တဲ့ အပတ်ထဲမှာ ဖီဖာ (FIFA) က MFF ကို အကြောင်းကြား လာတယ်။ ဒီကွင်းဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားတဲ့ကွင်း ဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးတဲ့။ တခြား လေ့ကျင့်ရေးကွင်းတွေကိုတော့ လုပ်ချင်လုပ်ပါတဲ့။ FIFA က မြက်ခင်းအစစ်က ကစားသမားတွေအတွက် အန္တရာယ် အကင်းဆုံးနဲ့ အကောင်းဆုံးပါ။ မြက်ခင်းတုက ကစားသမား တွေအတွက် အန္တရာယ်လည်း ရှိနိုင်သလို သဘာဝ ပတ်ဝန်းကျင် အတွက်လည်း မကောင်းပါဘူးတဲ့။ ဒါကြောင့် ခွင့်မပြုတာပါ” ဟု သူက ပြောသည်။
မြက်ခင်းတုကွင်း ဆိုသည်မှာ ဓာတုဗေဒနည်းဖြင့် မြက်အစစ်ပမာ တုပပြုလုပ်ထားသည့် အပင်ငယ်များ ပါသော ကော်ဇော အလွှာများကို ညီညာစွာ ပြုပြင်ထားသည့် ဘောလုံးကွင်း ပြုလုပ်မည့် မြေပေါ်တွင် တခုချင်း ဆက်စပ် ဖြန့်ခင်းထားခြင်း ဖြစ်သည်။
မြက်အစစ်အတွက် စုစုပေါင်း သိန်း ၄၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး တနှစ်လျှင် ထိန်းသိမ်းခ သိန်း ၂၀ ဝန်းကျင် ကုန်ကျမည် ဖြစ်ကြောင်း အောင်ဆန်းကွင်းမှ တာဝန်ရှိသူ တဦးက ရှင်းပြသည်။
အောင်ဆန်းကွင်းရှိ မြက်များ ပျက်စီးခဲ့ပါက အခြားတနေရာတွင် စနစ်တကျ မွေးမြူထားသော ဂျပန်မြက်များကို ကွင်းအတွင်း ပျက်စီးသွားသည့် နေရာတွင် အစိတ်အပိုင်း အလိုက် အစားထိုး ပြုပြင်သွားမည်သာ ဖြစ်သည်။
ယခုကဲ့သို့ ခွင့်မပြု ခဲ့ခြင်းကြောင့် စင်္ကာပူမှ ATS Landscaping and Construction ကုမ္ပဏီနှင့် သဘောတူ ညီချက်မှာ ခေတ္တ ဆိုင်းငံ့ထားရာမှ မကြာမီ ဖျက်သိမ်းဖွယ်ရှိကြောင်း သိရသည်။
အောင်ဆန်း အားကစားကွင်းအား MFF မှ ပြီးခဲ့သည့် ဇူလိုင်လက စတင် ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်စရိတ် သိန်း ၁၀၀ ကျော်ခန့် ကုန်ကျ ပြီးသော်လည်း ပြင်ဆင်စရာများ ကျန်ရှိ နေသေးကြောင်း တာဝန်ရှိသူ အင်ဂျင်နီယာ တဦးက မဇ္စျိမကို ပြောသည်။
“ပြင်ဆင်စရာတွေ အများကြီး ကျန်သေးတယ်။ သက်တမ်း ကြာပြီဆိုတော့ ကွင်းတခုလုံး နီးပါး ယိုယွင်းနေတာ။ အထူးတန်း ပွဲကြည့်စင်ရယ်၊ နောက်ခုံတွေ ပြန်လဲဖို့ရယ်၊ တောင်နဲ့မြောက် ပွဲကြည့်စင်တွေကိုလည်း ဆေးသုတ်ဖို့ ကျန်သေးတယ်။ တဖြည်းဖြည်းနဲ့ ပြင်သွားရမှာပဲ။ အားလုံး ပြင်မယ် ဆိုရင်တော့ သိန်းထောင်နဲ့ချီ ကုန်မယ်” ဟု သူက ပြောသည်။
အောင်ဆန်းကွင်းတွင် ယခုလက်ရှိ သာမန် ပြည်တွင်းပွဲစဉ် တချို့ ကစားနေပြီး မြန်မာ နေရှင်နယ်လိဂ်နှင့် နိုင်ငံတကာ ပွဲစဉ်များကို လာမည့် နှစ်ဆန်းပိုင်းတွင် လက်ခံကျင်းပနိုင်မည်။
ပရိသတ် ၂၃၂၀၀ ဦး ဝင်ဆန့်သည့် အောင်ဆန်းကွင်းကို ကိုလိုနီနယ်ချဲ့ အင်္ဂလိပ် လက်ထက် ၁၉၂၈ ခုနှစ်တွင် တည်ဆောက် ခဲ့သည်။ မူလအမည်မှာ BCCကွင်းဟု ခေါ်ဝေါ်ပြီး၊ တည်ဆောက်စဉ်က ဘောလုံးကွင်းမကြီး သာရှိပြီး ပွဲကြည့်စင် မပါရှိသေးချေ။
လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ်တွင် အောင်ဆန်း အားကစားကွင်းဟု အမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ပွဲကြည့်စင်များ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း အောင်ဆန်း အားကစားကွင်းမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ရှင်းပြသည်။
သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံတကာပွဲများ အများဆုံးကစား သည့် ဘောလုံးကွင်းများ ဖြစ်သည်။
(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။)