မစ္စတာ ဝက်ဘ်က ဦးဉာဏ်ဝင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေး

မစ္စတာ ဝက်ဘ်က ဦးဉာဏ်ဝင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေး
by -
မုံပီး
စစ်အစိုးရနှင့် ဆက်ဆံရေးကို အကြီးအကျယ် ထောက်ခံ အားပေးသူဟု လူသိများသော အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် စနေနေ့က ...

နယူးဒေလီ (မဇ္ဈိမ)။        ။ စစ်အစိုးရနှင့် ဆက်ဆံရေးကို အကြီးအကျယ် ထောက်ခံ အားပေးသူဟု လူသိများသော အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် စနေနေ့က ဝါရှင်တန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စ ဆွေးနွေး ခဲ့သည်။

ဗားဂျီးနီးယား ပြည်နယ်မှ အထက်လွှတ်တော် အမတ် မစ္စတာဂျင်မ်ဝက်ဘ်နှင့် ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နေသော ဦးဉာဏ်ဝင်းသည် ဝါရှင်တန်သို့ နယူးယောက်မှ ရောက်ရှိလာပြီး တွေ့ဆုံခဲ့သည်ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

''မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် ဝါရှင်တန်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်တွင် ရောက်ရှိခဲ့ပြီး စနေနေ့က အထက်လွှတ်တော် အမတ်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် နောက်ထပ်တိုးမြှင့်၍ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြသည်'' ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ မဇ္ဈိမသို့ ပေးပို့သော အီးမေးလ်တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသည် ဝါရှင်တန်ရှိ မြန်မာသံရုံးသို့ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ဝါရှင်တန်တွင် ဝက်ဘ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန်သည်လည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိ လာမည်ဖြစ်သည်။

ယင်းသည် ဒုတိယ-ဗိုလ်ချုပ်မှူးကြီး မောင်အေး ၁၉၉၅ ခုနှစ်က လာရောက်အပြီး မြန်မာအဆင့်မြင့် အရာရှိတဦး ၁၄ နှစ်အတွင်း ပထမဆုံး ကုလ အထွေထွေ ညီလာခံ အစည်းအဝေး တက်ရောက်ခြင်း ဖြစ်မည်။

မစ္စတာ ဝက်ဘ်သည် ၎င်း၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်းက လာရောက်လည်ပတ် ခဲ့သည်။ သူသည် နောက်တပတ်တွင် ကျင်းပမည့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒအား အထက်လွှတ်တော်က ကြားနာမှု ပြုလုပ်သည့်အခါ သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

''မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒ၏ သက်ရောက်မှုနှင့် ထိရောက်မှု'' ဟု အမည်ပေးထားသော အဆိုပါ ကြားနာမှုကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပရန် ယာယီအားဖြင့် သတ်မှတ်ထားသော်လည်း အတည် မပြုရသေးကြောင်း'' ဝက်ဘ်၏ ရုံးက ပြောသည်။ သို့သော် ဝက်ဘ်ရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရမူ အဆိုပါကြားနာမှုကို အောက်တိုဘာလ ၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ကျင်းပမည်ဟု ဖော်ပြထားသည်။

ဤကြားနာမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများကို ဆန်းစစ်သွားမည်ဖြစ်ပြီး တိုင်းပြည်၏ ရှည်လျားလှသော ပြည်တွင်းရေး မငြိမ်သက်မှုများနှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို မည်သို့မည်ပုံ ထိခိုက်စေခဲ့ကြောင်းများ ဆွေးနွေးသွားမည်ဟု အဆိုပါစာတွင် ဖော်ပြထား သည်။

''ဆီနိတ်တာ မစ္စတာ ဝက်ဘ်က အမေရိကန်ရဲ့ မြန်မာ့ရေးရာ မူဝါဒ၏ ထိရောက်မှုကို သုံးသပ် စစ်ဆေးသွားမည့် အလုံးစုံ ကြားနာမှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်'' ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

ဗားဂျီးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အထက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာဝက်ဘ်သည် အထက်လွှတ်တော် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အဆိုပါကြားနာပွဲတွင် လက်ရှိအမေရိကန်၏ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများနှင့် မြန်မာနို်င်ငံတွင်း ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများအတွက် အမေရိကန်က မည်သို့ ဆောင်ရွက်သင့်သည်ကို ပြန်လည်သုံးသပ် ဆွေးနွေးမည်။

ဤနိုင်ငံခြားရေး ကော်မတီသည် ''အမေရိကန်-မြန်မာ ဆက်ဆံရေးသစ်ကို မည်သို့မည်ပုံ ပုံဖော်ဆောင်ရွက် သင့်သည် ဆိုသည်ကိုလည်း ကြားနာမှုများ ပြုလုပ်သွားမည်'' ဟု ဝက်ဘ်၏ ရုံးက ပြောကြားထားသည်။

ဝက်ဘ်သည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့ရေးမူဝါဒကို ပွင့်လင်းစွာ ဝေဖန်ရှုတ်ချခဲ့ပြီး စစ်အစိုးရနှင့် ဆက်ဆံမှုများ တိုးမြှင့်ပြုလုပ်ရန်လည်း ထောက်ခံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ဥရောပ သမဂ္ဂနှင့်အတူ မြန်မာစစ်အစိုးရ၏ ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပျက်ကွက်မှုတို့အတွက် ပြင်းထန်သော စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

သို့သော် သမ္မတ အိုဘားမား အစိုးရ အာဏာ လွှဲပြောင်းရယူခဲ့ ပြီးနောက် အမေရိကန်၏ ယခင် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သည့် မူဝါဒသည် စစ်အစိုးရ၏ အမူအကျင့် ပြောင်းလဲရေးကို မဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မူဝါဒကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါသုံးသပ်မှုသည် မကြာမီ ပြီးဆုံးမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပြောအရ သိရသည်။

မစ္စတာ ဝက်ဘ်၏ ဆက်ဆံမှုပြု ချဉ်းကပ်ရေး အယူအဆကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာ့ အတိုက်အခံ လှုပ်ရှားသူများက ကောင်းကောင်း လက်မခံပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီနှင့် ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ ဦးဝင်းတင်က မကြာသေးခင်က ဝါရှင်တန်ပို့စ် သတင်းစာတွင် ဆောင်းပါးတပုဒ် ရေးသားရာ၌ ''မစ္စတာဝက်ဘ်၏ ကြိုးပမ်း လုပ်ဆောင်မှုများသည် ကျနော်တို့၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထိခိုက်နစ်နာစေပြီး ရွေးကောက်ပွဲဟူသည့် မှားယွင်းသော အယူအဆ ပြဿနာပေါ်တွင်သာ အဓိက အာရုံပြု လုပ်ဆောင်နေခြင်းဖြစ်သည်။ သူ၏ ရေရှည်နိုင်ငံရေး မဟာဗျူဟာ၏ အစိတ်အပိုင်း တရပ်အဖြစ် နောက်နှစ်တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကျနော်တို့ကို စဉ်းစားစေလိုသည်'' ဟု ရေးသားထားသည်။

ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်းနှင့် ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရသော ဦးဝင်းတင်က ''စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသော ဟန်ပြ ရွေးကောက်ပွဲသည် ကျနော်တို့ပြည်သူများ၏ လွတ်မြောက်ရေး တိုက်ပွဲအပေါ် သရော်မော်ကား ပြုလုပ်နေခြင်းသာ ဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို ထာဝရ တည်တံ့အောင် ပြုလုပ်နေသည်'' ဟု ပြောဆိုသည်။

Most read this week