နယူးဒေလီ(မဇ္စျိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့သည်အထိ မမျှော်မှန်းသော်လည်း ပါလီမန်တွင် အတိုက်အခံ အုပ်စုအဖြစ် ရပ်တည်နိုင်ရေးအတွက် မိမိတို့နှင့် ပါဝင် ပူးပေါင်းရန် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ -(ပဒမဖ) က တိုင်းရင်းသား ပါတီများကို ဖိတ်ခေါ် လိုက်သည်။
တိုင်းပြည်တွင် ပြည်ထောင်စု ဒီမိုကရေစီ ထွန်းကားရေး အတွက် တိုင်းရင်းသားများအားလုံး ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သဖြင့် ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ပဒမဖ ဖြစ်မြောက်ရေး ကော်မတီဝင် ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းက မဇ္စျိမကို ပြောဆိုခြင်း ဖြစ်သည်။
“ကျနော်တို့ အစိုးရဖွဲ့နိုင်တဲ့အထိ မမျှော်မှန်းပါဘူး။ လွှတ်တော်ထဲမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ အမတ်နေရာ ၂၅ ရာခိုင်းနှုန်းရရင် အတိုက်အခံအဖွဲ့တခုအနေနဲ့ လိုအပ်ချက်တွေကို တဖြည်းဖြည်း ပြုပြင်သွားနိုင်ဖို့ကို ရည်ရွယ ်တာပါ။ အဲလိုမဟုတ်ဘဲ လွှတ်တော်ထဲမှာ အမတ်နေရာ မဖြစ်စလောက်ဆိုရင် လူမလေးခွေးမခန့်ပဲ ဖြစ်နေမှာပါ” ဟု သူက ပြောသည်။
ပဒမဖ၏ ယခုလ ၁၇ ရက်နေ့ထုတ် မေတ္တာရပ်ခံ ကြေညာချက်တွင် KSPP နှင့် မွန်ပြည်သစ်ပါတီတို့ ဖွဲ့စည်းခြင်းအပေါ် ကြိုဆိုကြောင်းနှင့် အခြားတိုင်းရင်းသား အဖွဲ့များလည်း အလားတူပင် နိုင်ငံရေး ပါတီသစ်များ တည်ထောင်ပြီး မိမိတို့အဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။
ဦးရွှေအုန်းက “ကျနော်တို့အဖွဲ့က တိုင်းရင်းသားအားလုံး စုပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့ပါ။ ရှမ်းရော၊ ဗမာရော၊ ကချင်ရော၊ ကရင်ရော အားလုံး ပူးပေါင်း ဆောင်ရွက်တာ ပိုကောင်းမယ်လို့ ယုံကြည်ထားပါတယ်။ အခုKSPP နဲ့ မွန်ပြည်သစ်တို့က ပါတီဖွဲ့မယ်ဆိုတော့ ကျနော်တို့နဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းတာပါ။ တဦးတည်း တသီးတခြား လုပ်နေမယ့်အစား ပူးပေါင်းပြီး လုပ်တာ ပိုကောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့” ဟု ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြီးအကျိုး မျှော်ကိုး၍ ၎င်းတို့နှင့် အမြန်ဆုံး ပူးပေါင်းရန် ပဒမဖ ၏ ကြေညာ တိုက်တွန်းချက် အပေါ် လက်တွဲသွားရန် အချိန်စော နေသေးကြောင်း ကချင်ပြည်နယ် တိုးတက်သော ပါတီနှင့် မွန်ပြည်သစ် ပါတီတို့က ယနေ့တွင် တု့ံပြန် ပြောဆိုသည်။
“မူအားဖြင့် ကောင်းတဲ့ဟာ ဖြစ်တယ်လို့ ခံယူပါတယ်။ လက်တွဲဖို့ကို ကြိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွဲလုပ်တာ အကောင်းဆုံးပါ။ ဒါပေမဲ့ လက်တွေ့မှာ လုပ်နိုင်၊ မလုပ်နိုင် ဆိုတာကတော့ အများကြီး စဉ်းစားဖို့ လိုပါသေးတယ်။ ပါတီဖွဲ့ဖို့ ဥပဒေလည်း မထွက်သေးတော့ ကျနော်တို့ မဟာမိတ်ဖွဲ့ရေး၊ မဖွဲ့ရေးဆိုတာ အခုအချိန်မှာ စောသေးတယ်လို့ ထင်ပါတယ်” ဟု ကချင်ပြည်နယ် တိုးတက်သော ပါတီ (Kachin State Progressive Party - KSPP) ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာ တူးဂျာက မဇ္စျိမကို ပြောသည်။
ထို့ပြင် ကချင်ပြည်နယ် တိုးတက်သော ပါတီအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်လိုသည့် ဆန္ဒမရှိဘဲ၊ ကချင်ပြည်နယ်ကိုသာ ကိုယ်စားပြု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ရည်ရွယ်ကာ မွန်ပြည်သစ်ပါတီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားရာ အဆိုပါ ကော်မတီဝင် ဒေါက်တာ နိုင်ဗညားအောင်မိုးက “ပါတီနိုင်ငံရေး သဘောတရား အရတော့ အကျိုးရှိမယ်ဆိုရင် အားလုံးကို လက်တွဲ ရမှာပါပဲ။ ဒါပေမဲ့ အခုအချိန်က ပါတီမှတ်ပုံတင်ခွင့် မရသေးတဲ့ အခါကျတော့ ဘာမှပြောလို့မရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ပြောသည်။
ပဒမဖ ကို ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အဖွဲ့ဝင် ၈ ဦးပါ ဖြစ်မြောက်ရေး ကော်မတီဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်ဦးရေ ၈ ဦး တိုးလာသဖြင့် ၁၆ ဦးရှိပြီ ဖြစ်သည်။
အဖွဲ့ကို ပြည်ထောင်စု ဒီမိုကရေစီဝါဒ အပေါ် အခြေခံထားပြီး ဖွဲ့စည်းပုံတွင် အမာခံအဖွဲ့နှင့် မဟာမိတ်အဖွဲ့ဟူ၍ ၂ မျိုး ထားရှိကာ လူမျိုးဘာသာမရွေး တဦးစီဝင်ရောက်ပါက အမာခံအဖွဲ့ဝင် ဖြစ်ပြီး အဖွဲ့လိုက် ဝင်ရောက်ပါက မဟာမိတ်အဖွဲ့ အဖြစ် သတ်မှတ်ထားသည်။
အမာခံများကိုမူ ပါတီတရပ် တည်ထောင်ပြီး ပဒမဖ အတွင်းမှ မဟာမိတ် အဖွဲ့အဖြစ် ထားရှိသွားမည် ဖြစ်ကာ၊ အဖွဲ့တွင် ဦးဆောင် ပါတီဟူ၍ မထားရှိဘဲ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပါဝင်သည့် အဖွဲ့အစည်းများ အားလုံး၏ ဗဟိုအလုပ်အမှုဆောင်များထဲမှ အရည်အချင်း ပြည့်ဝသူများကို ဦးစားပေး ရွေးချယ်မည်ဟု ဆိုသည်။
ပဒမဖ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား မဟာမိတ် အဖွဲ့တဖွဲ့အဖြစ် ပူးပေါင်း ပါဝင်ရန် ဇန်နဝါရီလဆန်းတွင် ဖိတ်ခေါ်ခဲ့သော်လည်း ယနေ့ထိ တစုံတရာအကြောင်း ပြန်ကြားခြင်း မရှိကြောင်း သိရသည်။
(ဆလိုင်းဟန်သာစန်း သတင်းပေးပို့သည်။)