ပြည်သူ့စစ်ဝတ်စုံအတွက် ကျေးလက် လူထုထံ ပိုက်ဆံ ကျပ်သိန်းဆယ်ချီကောက်

ပြည်သူ့စစ်ဝတ်စုံအတွက် ကျေးလက် လူထုထံ ပိုက်ဆံ ကျပ်သိန်းဆယ်ချီကောက်
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ က ကျေးရွာဥက္ကဌ၊ ရွာသူကြီးမှတဆင့် ကျေးလက် လူထုထံ ကျပ်သိန်းဆယ်ချီ ကောက်ခံနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ပြော ...

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ က ကျေးရွာဥက္ကဌ၊ ရွာသူကြီးမှတဆင့် ကျေးလက် လူထုထံ ကျပ်သိန်းဆယ်ချီ ကောက်ခံနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ပြောပါသည်။

“လားဟူပြည်သူ့စစ် စစ်ဝတ်စုံနဲ့ သူတို့မိသားစုတွေ ထောက်ပံ့ဖို့ အတွက်ပြောတာဘဲ၊ ကျေးရွာအုပ်စုတခုဆိုကျပ် သိန်းပေါင်းများစွာ ထည့်ရတယ်။ ရွာတွင်းအိမ်ခြေများရင် ထည့်ဝင်ရတဲ့ငွေပမာဏက နည်းတယ်” ဟု အမည်မဖေါ်လိုသည့် ခရီးသွား ရွာသားတဦးက ပြောပါသည်။

သြဂတ်စ်လ နှောင်းပိုင်းမှစ၍ မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းမှူး ဒု - ဗိုလ်မှူးကြီးဇော်နိုင်၊ ဒု -တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်း တို့က မိုင်းကောဝ် အုပ်စုဥက္ကဌအား ကျေးရွာလူထုထံမှ လားဟူ ပြည်သူ့စစ် စစ်ဝတ်စုံ အစုံ ၁၀၀ အတွက် ပိုက်ဆံကောက်ခိုင်းခဲ့ဟု ဆို၏။

“ပြည်သူ့စစ်ဝတ်စုံ တစုံ ကျပ် ၁၂၀၀၀ ရှိတယ်။ ကျနော်တို့အုပ်စုက ကျပ် ၁၂ သိန်းဖိုး စက်တင်ဘာ ၃ ရက်ကဒုတပ်ရင်းမှူး ကို သွားအပ်ပြီးပြီ။ တအိမ်ထောင် အနည်းဆုံး ကျပ်သုံးထောင် ထည့်ရတယ်။” - ဟု အဆိုပါ မိုင်းကောဝ် ရွာသားက ပြော ပါသည်။

မိုင်းလုံကျေးရွာအုပ်စုတွင် တရွာလျှင် ကျပ်ငွေငါးသိန်းကျကြောင်း၊ ထို့အပြင် ခလရ ၃၃ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးဇော်နိုင် ကလည်း ပလောင်ရွာအား ကျပ်ငွေ ၄ သိန်း၊ သုံးရက်အတွင်း အပြီးကောက်ခံပေးရန် ပြောကြားခဲ့ကြောင်း - ဆိုပါသည်။

“ကျနော်တို့ဖက်မှာက လားဟူ ပြည်သူ့စစ်အဖွဲ့ ၃-၄ ဖွဲ့ ရှိတယ်။ ဂျဆော် ဦးဆောင်တဲ့ ပြည်သူ့စစ်အုပ်စုက ဆီစိန်၊ မဲန်းလမ်၊ လုတ်ကိုင် ရွာသူကြီးကိုခေါ်ပြီးတော့ပိုက်ဆံ ကျပ်သိန်း ၃၀ အမြန်ဆုံးကောက်ပေးဖို့ ဆင့်ဆိုတယ်။ တောင်းတောင်း ပန်ပန်နဲ့ ၁၅ ရက်နေ့တုန်းက ကျပ် ၁၅ သိန်း သွားထည့်ပေးလိုက်ရတယ်” ဟု အမည်မဖေါ်လိုသည့် ရွာသား နောက်တဦး က ပြောပါသည်။

တန့်ယန်းမြို့နယ် မိုင်းကောင်(၀်) ပြည်သူ့စစ်အတွက် စစ်ဝတ်စုံ ထောက်ပံ့ကြေးငွေကို ပြည်သူလူထုထံ အဓမ္မကောက်ယူနေ ခြင်းမှာ အပစ်ရပ်တပ်ဖွဲ့အားထိုးစစ်ဆင်တိုက်ခိုက်လျှင်သော်လည်းကောင်း၊ အဓိက မိုင်းကောင်(၀်) - ၀မ်လောင်း (၀်း) - တာဝမ်ဆုမ် သံလွင်မြစ်ကူး ကူးတို့ဆိပ် - ပန်ဆန်း (UWSA) သို့ အဝင်လမ်းအား လားဟူပြည်သူ့စစ်အင်အားသုံးပြီး ပိတ်ဆို့ လိုခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း SSA (တပ်မဟာ ၁) နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လျှင်သော်လည်းကောင်း၊  တောင်ပိုင်း SSA အားထိုးစစ်ဆင်တိုက်ခိုက်လျှင် သော်လည်းကောင်း လားဟူပြည်သူ့စစ်အား ရှေ့ပြေးတပ်အဖြစ် အသုံးပြုမည်ဖြစ် ကြောင်း အပစ်ရပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါသည်။