နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းဆုကြည်၏ အမှု အယူခံကို ရန်ကုန်တိုင်း တရားရုံး၌ နှစ်ဖက်လျှောက်လဲချက် ပေးရာ ယနေ့ ပြီးဆုံးပြီ ဖြစ်သဖြင့် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် အမိန့်ချမည်ဟူ၍ ရုံးတော်က ချိန်းဆို လိုက်သည်။
“ကျနော်တို့ဒီနေ့ နှစ်ဖက်လျှောက်လဲချက်တွေ အားလုံးပြီးသွားပါပြီ။ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီမှာ အမိန့်ချဖို့ ချိန်းပါတယ်” ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ယနေ့တရားခွင်တွင် အယူခံ အကြောင်းပြချက် ၁၁ ချက်စလုံး လျှောက်လဲခဲ့ပြီး ပြစ်ဒဏ်စီရင်ချက်ချခဲ့သည့် ရ၄ အခြေခံ ဥပဒေမှာ မတည်ရှိတော့ကြောင်း အတို်က်အခံ ပါတီဝင် ရှေ့နေများက အဓိက လျှောက်လဲခဲ့သည်။
“ဒီဥပဒေထဲက ပုဒ်မတွေယူသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တာလေ။ အဲတော့ ဒီဥပဒေမရှိဘူးဆိုရင် ကန့်သတ်ထားတဲ့ အမိန့်တွေက ပျက်တာပေါ့။ ဒါတွေပျက်လို့ရှိရင် ဒီပြစ်မှုလည်း မရှိတော့ဘူးပေါ့” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ ၄ ဦးစလုံး တိုင်းတရားရုံး သို့ တက်ရောက်ကြပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲခန့်အထိ တရားခွင် ကျင်းပခဲ့သည်။
နံနက်ပိုင်းတရားခွင်သို့ အန်အယ်ဒီ ပါတီဝင်များနှင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အား ထောက်ခံအားပေးသူ စုစုပေါင်း ဦးရေ ၁၀၀ ကျော် တက်ရောက်ခွင့် ရရှိခဲ့ပြီး၊ နေ့လည်ပိုင်း ခေတ္တရပ်နားပြီးနောက် လုံခြံုရေးအကြောင်းပြချက်ဖြင့် တခါးပိတ်ကျင်းပခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အယူခံခွင့်ရရေးအတွက် ယခုလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားခဲ့ရာ တိုင်းတရားရုံးက လက်ခံရာမှ ယခုလို နှစ်ဖက်ရှေ့နေများ လျှောက်လဲခဲ့ကြခြင်း ဖြစ်သည်။
သူမ၏ အယူခံကြားနာရာ တရားခွင်သို့ တက်ရောက်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၁ ရက်နေ့က ရန်ကုန်တိုင်း အထူးရဲသတင်းတပ်ဖွဲ့ထံ စာရေး တောင်းဆို ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို အခြေခံ၍ စစ်အစိုးရက နေအိမ် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မြောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။
သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြားဖြတ် ညွှန်ကြားချက်ဖြင့် ထောင်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်၌ ဆိုင်းငံ့ပြစ်ဒဏ် ကျခံရန် ဆုံးဖြတ်ခဲ့သည်။
မစ္စတာယက်တောကိုမူ လူသားချင်း စာနာထောက်ထားမှုဖြင့် သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ပြန်လွှတ်ပေးလိုက်ရာ အမေရိကန်သို့ ပြန်သွားပြီဖြစ်သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ ၌ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခု အခြေခံဥပဒေ ရပ်ဆိုင်းခဲ့ကြောင်း ရေးသားထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ပျက်ပြယ်ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ခရိုင်တရားရုံးတွင် ချေပခဲ့ သော်လည်း ပြစ်ဒဏ်ချခံခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်တွင် နိုင်ငံတည်ဆောက် ပြုပြင်ရာတွင် ပါဝင်နိုင်ရန်ဆိုကာ အကျဉ်းသား ရ၁၁၄ ယောက်ကို စစ်အစိုးရက နိုင်ငံတဝှမ်း အကျဉ်းထောင် များထဲမှ ပြန်လွှတ်ပေးလိုက်သည်။
သို့သော် နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော်သာ ပါရှိမည်ဟု အတိုက်အခံ သတင်းရပ်ကွက်နှင့် ရန်ကုန်ရှိ အကဲခတ်များက ပြောသည်။
နာဂစ်မုန်တိုင်းသင့် သူများကို ကူညီပေးခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦး၊ ပြည်သူ့လွှတ်အမတ် ဦးနိုင်းနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော် အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးသည့် အကျဉ်းသား ငါးရာကျော်တွင် ပါရှိသည်။
လွတ်ပေးသည့် အခမ်းအနားအပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဝင်းက ပြောကြားရာတွင် မြန်မာနို်င်ငံတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိဟု ပါရှိသည်။
(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။)