သဘာဝဓာတ်ငွေ့ ပြတ်တောက်သဖြင့် ထိုင်းနိုင်ငံ ဘတ်ငွေ ၁ ဘီလျံ နစ်နာ

သဘာဝဓာတ်ငွေ့ ပြတ်တောက်သဖြင့် ထိုင်းနိုင်ငံ ဘတ်ငွေ ၁ ဘီလျံ နစ်နာ
by -
ဥဆာ ဖိချိုင်း
နည်းပညာဆိုင်ရာ ပြဿနာများကြောင့် မြန်မာနိုင်ငံနှင့် ထိုင်း ပင်လယ်ကွေ့မှ ပေးပို့နေသော သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုများ ပြတ်တောက် သွားသဖြင့် ထိုင်းနိုင်ငံသည် ခန့်မှန်းခြေ ထိုင်းဘတ် ၁ ဘီလျံမျှ နစ်နာ ...

ချင်းမိုင် (မဇ္စျိမ)။     ။ နည်းပညာဆိုင်ရာ ပြဿနာများကြောင့် မြန်မာနိုင်ငံနှင့် ထိုင်း ပင်လယ်ကွေ့မှ ပေးပို့နေသော သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုများ ပြတ်တောက် သွားသဖြင့် ထိုင်းနိုင်ငံသည် ခန့်မှန်းခြေ ထိုင်းဘတ် ၁ ဘီလျံမျှ နစ်နာသွားခဲ့ရသည်။

မြန်မာနိုင်ငံ ရဲတံခွန် ရေနံမြေမှ ပို့လွှတ်နေသော ဓာတ်ငွေ့ပိုက်လိုင်းသည် ယခုလ ၁၂ ရက်နေ့တွင် ရ နာရီကျော်ကြာနှင့် ၁၃ ရက်နေ့တွင် ၉ နာရီမျှ ပြတ်တောက်သွားခဲ့သည်ဟု ထိုင်းနိုင်ငံ လျှစ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) က ပြောသည်။ အလားတူ မလေးရှား-ထိုင်းနိုင်ငံ ပူးတွဲဖွံ့ဖြိုးမှုဒေသ (JDA) ၏ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်း ယခုလ ၁၂ ရက်နေ့တွင် ၅ နာရီနှင့် ၁၃ ရက်နေ့တွင် ၂ နာရီမျှ ရပ်ဆိုင်းသွားခဲ့သည်။

ရဲတံခွန်ရေနံမြေမှ ဓာတ်ငွေ့ကို ထိုင်းနိုင်ငံ အနောက်ပိုင်းပြည်နယ် ရတ်ချာဘူရီရှိ အကြီးဆုံး ဓာတ်အားပေးစက်ရုံသို့ ပေးပို့နေပြီး၊ JDA ပိုက်လိုင်းမှ ဓာတ်ငွေ့ကို ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်ရှိ ချန်းနား (Channa) ဓာတ်အားပေး စက်ရုံသို့ ပေးပို့နေသည်။

ပြီးခဲ့သော စနေ၊ တနင်္ဂနွေနေ့က ဓာတ်ငွေ့ပြတ်တောက်ခဲ့သဖြင့် ထိုင်းနိုင်ငံ၏ ဓာတ်အားလိုအပ်ချက် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမျှဖြစ်သော ခန့်မှန်းခြေ ဓာတ်အား မဂ္ဂါဝပ် ၂၀၀၀ မျှ ဆုံးရှုံးခဲ့ရသည်။

ဤအဖြစ်အပျက်များကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းတွင် စွမ်းအင် လုံခြံုရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့ရသည်ဟု EGAT ၏ ပြောရေးဆိုခွင့်ရှိသူWirat Kanchanapibun က ပြောသည်။

ဤပြဿနာကို ဖြေရှင်းရန်အတွက် EGAT က မလေးရှားမှ ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ဝယ်ယူခဲ့ပြီး၊ ဆူရတ်ဌာနီပြည်နယ် ရေအားလျှစ်စစ်စက်ရုံ၊ ရတ်ချာဘူရီပြည်နယ် လောင်စာသုံးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ၂၄၀ မဂ္ဂါဝပ်ကို တောင်ပိုင်းပြည်နယ်အတွက် ထုတ်လုပ်ပေးခဲ့သည်။

ထို့ပြင် မြန်မာနယ်စပ်နှင့်ကပ်နေသော ကန်ချနဘူရီပြည်နယ်တွင် Srinakarin ရေကာတာမှ ရေများကိုထုတ်ပြီး ဓာတ်အားထုတ်လုပ်ရန်လည်း EGAT က စွန့်စွန့်စားစား ဆုံးဖြတ်ခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့်လက ဓတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုတခု ဖြစ်ပွားသဖြင့် လျှပ်စစ် ပြတ်တောက်မှုမဖြစ်ရန်  Srinakarin ရေကာတာမှ ရေများကို ထုတ်လွှတ်ပေးခဲ့ရသဖြင့် ကျယ်ပြန့်သော ဒေသအတွင်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ကျေးရွာသား ရာနှင့်ချီ၍ ထိခိုက်ခဲ့ရသည်။

ယခု ဓာတ်ငွေ့ ပြတ်တောက်သဖြင့် ခန့်မှန်းခြေ စုစုပေါင်း ဘတ်ငွေ ၁ ဘီလျံမျှ နစ်နာခဲ့ရသည်ဟု EGAT မှ အရာရှိတဦးက ခန့်မှန်း ပြောကြားသည်။

ဤဓာတ်ငွေ့ပို့လွှတ်မှုများ ပြတ်တောက်ခြင်းအတွက် သူတို့တွင် တာဝန်မရှိကြောင်း ထိုင်းနိုင်ငံ ရေနံအာဏာပိုင်အဖွဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေးဌာန (ယခု PTT Public Co. Ltd.) ၏ မန်နေဂျာ Panu Sutthirat က ပြောသည်။

သူက ''ဒီသဘာဝဓာတ်ငွေ့ ရင်းမြစ်နှစ်ခုစလုံးက ပက်ထရိုနပ်စ် ကော်ပိုရေးရှင်း (Petronas Corp.) နဲ့ပဲ ဆိုင်ပါတယ်။ ပြဿနာက ရဲတံခွန် ရေနံတွင်းတူးစင် အပြောင်းအလဲဖြစ်လို့ ပေါ်လာတာပါ'' ဟု ပြောသည်။

''ဓာတ်ငွေ့ပြတ်တောက်မှုကို အစားထိုးဖို့ အခြားရင်းမြစ်က ဓာတ်ငွေ့ကိုသုံးစွဲပြီး PTT က ဓာတ်အား ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆုံးရှုံးသွားတဲ့ ပမာဏကို ပြည့်မီအောင် ထုတ်မပေးနိုင်ခဲ့ပါဘူး'' ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်ခြင်းက ရ၀ ရာခိုင်နှုန်းမျှ ရှိနေသဖြင့် အလွန်ပင် အချိုးအစား ကြီးမားသောကြောင့် အလွန် အန္တရာယ်ကြီးကြောင်း ထိုင်းနိုင်ငံမှ လွတ်လပ်သော စွမ်းအင်ကျွမ်းကျင်သူ Manoon Siriwan က ပြောသည်။

''မလေးရှားနဲ့ အင်ဒိုနီးရှားမှ ထိုင်းနိုင်ငံထက်စာရင် သဘာဝဓာတ်ငွေ့သိုက်တွေ ပိုရှိတယ်။ ဒါပေမဲ့ ဒီအန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် သူတို့က လျှပ်စစ်ထုတ်ဖို့ တခြားရင်းမြစ်တွေကို သုံးတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာရှိနေတဲ့ ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း အားလုံးကို မကြာသေးခင်က ဆန္ဒပြတာ ခံခဲ့ရတယ်'' ဟု ထိုင်းနိုင်ငံ မန်နေဂျာ သတင်းဝဘ်ဆိုဒ်တွင်သူက ပြောသည်။

ဒေသခံရွာသားများက ဇီဝလောင်စာနှင့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံများအပါအဝင် စီမံကိန်းများကို သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံတွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများက စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာနေသဖြင့် ထိုင်းအစိုးရအနေဖြင့် စွမ်းအင်လိုအပ်ချက် ပြည့်မီစေရန် မဟာစီမံကိန်းကြီးများ၊ အထူးသဖြင့် အိမ်နီးချင်း လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ရေအားလျှပ်စစ် စီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာရတော့မည်ဖြစ်သည်။

Most read this week