နယူးဒေလီ (မဇ္စျိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်နှင့် အမျိုးသမီးထု စုစည်းမှုရှိစေရန် နယ်ဆင်း၍ ပြန်လည် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ ၆ လခန့်အကြာတွင် မြို့နယ် ၆၉ မြို့နယ်တွင် လူငယ်လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်သည်ဟု သိရသည်။
ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့က ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၆၉ မြို့နယ်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
“တပြည်လုံးအတွက် ၆၉ မြို့နယ် ပြီးပါပြီ။ အဖွဲ့ရဲ့ အင်အားကို စနစ်တကျ ပြန်စုပြီးတော့ ပြည်သူလူထုရဲ့ လိုလားချက်တွေကို ထုတ်ဖော်တဲ့အချိန်မှာ တသားတည်း ဖြစ်အောင်လို့၊ စုစည်းညီညွတ်မှု ဖြစ်အောင်လို့ အင်အားသစ်တွေ ဖော်ထုတ်နေတာပါ။ လူထုနဲ့လူငယ်၊ လူထုနဲ့ခေါင်းဆောင်တွေရဲ့ အကြားမှာ ပေါင်းကူးတံတား၊ အင်အားတခုအနေနဲ့ လေ့ကျင့်သင်ကြားပေးနေပါတယ်” ဟု ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ၂ က မဇ္စျိမကို ပြောသည်။
လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လူငယ်အကြံပေးအဖွဲ့ဝင် ဦးအုန်းကြိုင်က “ဟုတ်ပါတယ်။ အဲဒါ ကြာပါပြီ။ ၄-၅ လလောက် ရှိပါပြီ။ မြို့နယ်စည်းတွေ၊ တိုင်းစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေတာတွေ ရှိပါတယ်" ဟု ပြောသည်။
မြို့နယ်လူဦးရေအလိုက် မြို့နယ်လူငယ်အဖွဲ့တွင် ဦးဆောင်သူ ၅ ဦးမှ ၁၄ ဦးအထိ ဖွဲ့စည်းပေးခဲ့သည့်အပြင် ထိုလူငယ်များအား ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ဆွေးနွေးသင်ကြားမှုများ ကွင်းဆင်း၍ ပြုလုပ်နေသည်။
“ပြန့်ကျဲနေတဲ့ ဒီမိုကရေစီအင်အားစုတွေ ပြန်စုတယ်။ တိုင်းပြည်မှာ ဆုံးရှုံးနေတဲ့ ဒီမိုကရေစီ၊ လူအခွင့်အရေးနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ တိုင်းပြည်မှာ လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ဆိတ်သုဉ်းတဲ့ ကိစ္စ၊ လူထုရဲ့ ရပိုင်ခွင့်တွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးတဲ့ ကိစ္စတွေကို လူငယ်တွေ နားလည်အောင် လေ့ကျင့်သင်ကြားပေးနေတယ်” ဟု လူငယ်တာဝန်ခံက ဆိုသည်။
ပြည်နယ်နှင့် တိုင်းအသီးသီးရှိ လူငယ်ဖော်ဆောင်ရေး အဖွဲ့ဝင်များကို ရန်ကုန် ဗဟိုရုံးချုပ်သို့ ခေါ်ဆောင်၍လည်း ဥပဒေ၊ နိုင်ငံရေး၊ အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေးသင်တန်း၊ ကွန်ပြူတာနှင့် အင်္ဂလိပ်စာ စသည့် အရေးအရာများနှင့်ပတ်သက်၍လည်း သင်တန်းများ ပို့ချပေးနေသည်။
ဗဟိုလူငယ်များက နယ်ဒေသများသို့ သွားရောက်ကာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရာ၌ ဒေသအာဏာပိုင်များ၏ အနှောင့်အယှက်များ ကြံုတွေ့ရသည်များ ရှိသည်။
ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်း မတ္တရာမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ ခြိမ်းခြောက်မှုရှိကြောင်း ဦးအုန်းကြိုင်က ပြောသည်။
မတ္တရာမြို့ အန်အယ်ဒီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက “လူငယ်တွေကို ဖွဲ့မယ်ဆိုရင် စာရင်းတွေ ပေးရတယ်။ စာရင်းပါတဲ့ လူတွေကို မတ္တရာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေက အဖွဲ့ချုပ်ဝင်လို့ ရှိရင် အဖမ်းခံရမယ်။ ရသင့်၊ ရထိုက်တဲ့ အခွင့်အရေးတွေ ရမှာမဟုတ်ဘူး ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိတယ်” ဟု ပြောသည်။
အလားတူ ကချင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် အခက်အခဲရှိသော်လည်း မိုးညှင်း၊ မိုးကောင်း၊ တနိုင်းမြို့နယ်ကို ဖွဲ့်စည်းခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လမှ စတင်လိုက်သည့် အန်အယ်ဒီ၏ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းမှုတွင် ရန်ကုန်တိုင်းတွင် ၂၄ ဖွဲ့၊ မန္တလေး ၁၄ ဖွဲ့၊ ဧရာဝတီတိုင်း ၁၁ ဖွဲ့၊ ကချင်ပြည်နယ် ၃ ဖွဲ့၊ ရခိုင်ပြည်နယ် တဖွဲ့၊ တနင်္သာရီတိုင်း ၅ ဖွဲ့ အပါအဝင် ၆၉ မြို့နယ်၌ ဖွဲ့စည်းနိုင်ခဲ့ပြီး ဆက်လက်၍ ဖွဲ့စည်းသွားမည်ဟု ဆိုသည်။