ရတနာပုံ FC ဘောလုံး အကယ်ဒမီကျောင်း ဖွင့်မည်

ရတနာပုံ FC ဘောလုံး အကယ်ဒမီကျောင်း ဖွင့်မည်
မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရတနာပုံ FC အသင်းက ဘောလုံး အကယ်ဒမီ ကျောင်းတခု လာမည့်နှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်သည်။ မြန်မာ့ဘောလုံးလောက တိုးတက်စေရန် ရည်ရွယ် ...

နယူးဒေလီ။     ။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရတနာပုံ FC အသင်းက ဘောလုံး အကယ်ဒမီ ကျောင်းတခု လာမည့်နှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်သည်။

မြန်မာ့ဘောလုံးလောက တိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သွားမည့် အကယ်ဒမီကျောင်းသည် မြန်မာနိုင်ငံတွင် ဒုတိယမြောက် ကျောင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် MNL ပြိုင်ပွဲဝင် ပရိုကလပ်အသင်းများတွင်မူ ပထမဆုံး ဖြစ်လာမည်။

ကျောင်းကို မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF မှ အသင်းအား ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် လွှဲပြောင်းပေးထားသည့် အောင်မြေမန္တလာကွင်းရှိ မူလ အဆောက်အဦးတွင် ဖွင့်လှစ်သွားမည်။

ကျောင်းတွင် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်ကြားရှိ ကလေးများကို အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအိပ်ကျောင်းစား ထားရှိသွားမည်ဖြစ်ပြီး ဘောလုံးပညာသာမက ကျောင်းပညာပါ သင်ကြားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။

“လောလောဆယ်တော့ အမြတ်မရှိနိုင်ဘူးလေ။ ဒါကလည်း လူမှုရေး လုပ်ငန်းလိုပါပဲ။ မဖွံ့ဖြိုးတာကို ဖွံ့ဖြိုးအောင် လုပ်ပေးတဲ့သဘောပါ။ ကျနော်တို့နိုင်ငံက ဘောလုံးသမားတွေ နိုင်ငံတကာအထိ ရောက်သွားတယ်ဆိုရင် အမြတ်ပေါ့။ ဘာမှ သူတို့ဆီက မျှော်လင့်ချက် မထားပါဘူး။ မြန်မာပြည်မှာရှိတဲ့ လူငယ်လေးတွေ ပညာရေးမှာ မထူးချွန်ရင်လည်း ဘောလုံးမှာ ထူးချွန်ရင် သူတို့ရဲ့ဘဝမှာ လုပ်စားကိုင်စား ဖြစ်လာတယ်ဆိုရင် ကျနော်တို့က ကျေနပ်ပါတယ်။ ပီတိပဲ စားရတာပေါ့'' ဟု ရတနာပုံအသင်း၏ အဓိက စပွန်ဆာကုမ္ပဏီဖြစ်သည့် Alpine သောက်ရေသန့် ကုမ္ပဏီမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ကျောင်းအတွက် တနှစ်လျှင် အကြမ်းအားဖြင့် ဒေါ်လာ ၂ သိန်းဝန်းကျင် သုံးစွဲသွားရန် ခန့်မှန်းထားသည်။

ဘောလုံးပညာသင်ကြားပေးရန် ဘရာဇီးနည်းပြတဦး ငှားရမ်းထားပြီး ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်။

မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မုံရွာ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မကွေး၊ တောင်ကြီး စသည့် မြန်မာနိုင်ငံ မြို့ကြီး ၁၀ မြို့မှ တမြို့လျှင် သင်တန်းသားလျှောက်လွှာ ၅၀၀ လက်ခံမည်ဖြစ်ပြီး ထိုအထဲမှ တမြို့နယ်လျှင် ဘောလုံးအခြေခံ ကောင်းမွန်သူ ၆ ဦးနှုန်းဖြင့် ၁၀ မြို့နယ်အတွက် ဦးရေ ၆၀ ကို ဘရာဇီးနည်းပြနှင့် အသင်း၏ လက်ရှိ နည်းစနစ် ဒါရိုက်တာ Mr. Robert တို့က ရွေးချယ်သွားမည်။

''ဘတ်စ်တစီးထားပြီး ကလေးတွေကို မနက်ဆိုရင် ကျောင်းပို့မယ်။ ကျောင်းသွားကြိုမယ်။ ညနေပိုင်းမှာ ဘောလုံးသင်တန်း ပေးမယ်။ အချိန်ဇယားနဲ့ လုပ်သွားမယ်။ ဘယ်အချိန်က စာကျက်ချိန် ဘယ်အချိန်က ကစားချိန်၊ ဒါမျိုးပေါ့” ဟု Alpine တာဝန်ရှိသူက ပြောသည်။

သင်တန်းကာလမှာ ၅ နှစ်ဖြစ်ပြီး အောင်မြင်သူများကို ဘောလုံးအကယ်ဒမီကျောင်း သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည်။

ကျောင်းဖွင့်လှစ်ရန် ပြီးခဲ့သည့် မေလမှစတင်၍ Mr. Robert က ဆွေးနွေးတင်ပြခဲ့ပြီး ပြီးခဲ့သည့် သောကြာနေ့က မန္တလေး ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် အသင်းအားပေးသူများကို ကံစမ်းမဲဖောက်သည့် အခမ်းအနားအပြီး အသင်းတာဝန်ရှိသူများ ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်။ အကယ်ဒမီကျောင်းကို ရတနာပုံ FC အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက  ဦးဆောင်စီစဉ်သွားမည်။

“ကျနော်တို့ အကယ်ဒမီက လေ့ကျင့်ပေးလိုက်လို့ အရည်အချင်းရှိတဲ့ ဘောလုံးသမား ဖြစ်လာတဲ့အခါ ဒီလိုပွဲတွေမှာ ထည့်ကစားကြည့်မယ်။ ကျနော်တို့ရဲ့ မျိုးဆက်သစ်လည်း ဖြစ်လာမယ်။ တခြားအသင်းက ဝယ်ချင်တယ်ဆိုရင်လည်း ရောင်းမှာပေါ့” ဟု Alpine ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

MFF မှ တာဝန်ရှိသူတဦးကလည်း “သွေးသစ်တွေ မွေးဖို့၊ ဘောလုံးလောကမှာ ကွင်းဆက်ပြတ်နေတာကို ဖြည့်ဆည်းဖို့ လိုအပ်တယ်လေ။ ဒီလိုလုပ်တာ မြန်မာဘောလုံးလောကအတွက် အများကြီး အကျိုးရှိပါတယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ၏ ဒေါ်လာ ၁ သန်း အကူအညီဖြင့် ဆောက်လုပ်ထားသည့် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ရှိ ဘောလုံးအကယ်ဒမီ ကျောင်းတခုရှိပြီး ရန်ကုန်တိုင်း တာမွေမြို့နယ်မှ ကျောင်းမှာမူ တည်ဆောက်နေဆဲဖြစ်သည်။

MFF က နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင်လည်း ဘောလုံးအကယ်ဒမီ ကျောင်းတခု တည်ဆောက်ရန်လည်း စီစဉ်လျက်ရှိသည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။)