နယ်ခြားစောင့်အရေး ကချင်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ထပ်မံဆွေးနွေး

နယ်ခြားစောင့်အရေး ကချင်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ထပ်မံဆွေးနွေး
by -
ဖနိဒါ
နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ငြင်းဆိုနေသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်အစိုးရ ကိုယ်စားလှယ်များအကြား ယမန်နေ့က ထပ်မံ ဆွေးနွေး ...

ချင်းမိုင်(မဇ္ဈိမ)။      ။ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ငြင်းဆိုနေသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်အစိုးရ ကိုယ်စားလှယ်များအကြား ယမန်နေ့က ထပ်မံ ဆွေးနွေးခဲ့ သည်။

စစ်ဘက်ရေးရာလုံခြံုရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် အဖွဲ့နှင့် ဒုဥက္ကဌ ဦးဂေါင်ရီဇော်ဆိုင်းက ဦးဆောင်သည့် KIO ကိုယ်စားလှယ် ၈ ဦးတို့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးတွင် ဆွေးနွေးကြခြင်းဖြစ်သည်။

“အသွင်ကူးပြောင်းရေး transformation နဲ့ ပတ်သက်ပြီးတော့ ထပ်ဆွေးနွေးကြတယ်။ ၉ နာရီ လောက်ကနေ ၁၁ နာရီမှာ ပြီးသွားတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ကေအိုင်အို ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများကို ပြန်လည်ရှင်းပြရခြင်း မရှိသေးသဖြင့် ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ဖြေကြားခြင်း မရှိပါ။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် BGF အဖြစ် ပြန်လည်ဖွဲ့စည်းရန် တွန်းအားပေး နေပြီး  ကချင် KIOအဖွဲ့က လက်မခံနိုင်ကြောင်း ယခုနှစ် ဇူလိုင်လကတည်းက နေပြည်တော်သို့ အကြောင်းကြားထားပြီး ဖြစ် သည်။

သို့သော် စစ်အစိုးရကမူ သဘောထား ပြောင်းလိုဟန်မရှိပဲ နယ်ခြားစောင့်တပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် လာမည့်လ နောက်ဆုံးထား ဆုံးဖြတ်ရန် KIO အား သတိပေးထားသည်။

ယခုလ ၅-၆ ရက်နေ့များတွင် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသည့် ကချင်လူထု ကိုယ်စားလှယ် ၃၂၄ ဦးနှင့် ကေအိုင်အို ခေါင်းဆောင်များ တက်ရောက်သော အစည်းအဝေးကလည်း စစ်အစိုးရ၏ ထိန်းချုပ်မှုခံရမှာ ဖြစ်သော တပ်အသွင်ပြောင်းရေးကို ပယ်ချခဲ့သည်။

ယင်းအစည်းအဝေးက ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိရန် လိုလားကြောင်း၊ ရွေးကောက်ပွဲပြီးပါက ဖြစ်ပေါ် လာမည့် ကချင်ပြည်နယ်အစိုးရနှင့် KIO အကြား ပြုပြင်ပြောင်းလဲရေး ကိစ္စများ ဆွေးနွေးမည်ဖြစ်ကြောင်း သဘောတူကြသည်။

အသစ်ဖြစ်ပေါ်လာမည့် ကချင်ပြည်နယ်အစိုးရ၌လည်း KIO ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲမဝင်ပဲ ပါဝင်လိုကြောင်း၊ ထို့အပြင် KIO ၏ လက်နက်ကိုင်တပ် KIA ကိုလည်း ကချင်ဒေသ လုံခြံုရေးတပ် Kachin State Guard Force အဖြစ် ပြည်နယ်အစိုးရ လက်အောက်တွင် ဖွဲ့စည်းလိုကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အိုတို့ ယခုလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ နှစ်ဖက်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ကချင်ကိုယ်စားလှယ်များထဲတွင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော် မပါသဖြင့်ဟု ဆိုကာ စစ်အစိုးရဘက်မှ ရက်ေ့ရွှဆိုင်းခဲ့ပြီး ယမန်နေ့မှသာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း KIO နှင့် နီးစပ် သူများကပြောသည်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်သည် ၂၀၁၀ခု ရွေးကောက်ပွဲဝင်ရန် ပါတီထောင်မည့် KIO မှ ဒုဥက္ကဌ တာဝန်ယူခဲ့သူ ဒေါက်တာတူးဂျာနှင့်လည်း ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း ဒေါက်တာတူးဂျာက မဇ္စျိမကိုပြောသည်။ သို့သော် မကြာမှီဖွဲ့စည်းရန်ရှိသည့် ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း မရှိကြောင်း သူက ဆက်ပြော သည်။

ဒေါက်တာတူးဂျာ အပါအဝင် KIO ခေါင်းဆောင် (၆) ဦးတို့သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ယခုလ ၂ ရက်နေ့၌KIO ၏ စည်းမျဉ်းနှင့်အညီ အဖွဲ့မှ နှုတ်ထွက်ခဲ့ ကြသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီးသက်ပုံ နှင့်အဖွဲ့သည် ကိုးကန့်ဒေသကို မကြာသေးမီက တိုက်ခိုက်ရခြင်းသည် မူးယစ်ဆေးနှင့် လက်နက်ထုတ်လုပ်မှု တို့ကြောင့်ဖြစ်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ လာရောက်ရှင်းပြခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် KIO အဖွဲ့အား တွေ့ဆုံပြီးနောက်" ဝ" ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် "ဝ" ခေါင်းဆောင်များနှင့် တွေ့ဆုံကြမည် ဖြစ်ကြောင်း "ဝ" အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။