(၁၄) ကြိမ်မြောက် အမျိုးသမီး အလွတ်တန်းဘောလုံးပြိုင်ပွဲအတွက် ရုံးဝင်လက်မှတ် အတင်းအဓမ္မရောင်းနေ

(၁၄) ကြိမ်မြောက် အမျိုးသမီး အလွတ်တန်းဘောလုံးပြိုင်ပွဲအတွက် ရုံးဝင်လက်မှတ် အတင်းအဓမ္မရောင်းနေ
by -
ကွန်းဟဒေ့၊ပနွတ်ကျား
မွန်ပြည်နယ်၊ မုဒုံမြို့မှာ ကျင်းပနေသော တိုင်းနှင့် ပြည်နယ် ၁၄ ကြိမ်မြောက် အမျိုးသမီး အလွတ်တန်းဘောလုံးပြိုင်ပွဲအတွက် မုဒုံမြို့ မယကဥက္ကဌမှ ကျေးရွာအချို့ကို လက်မှတ်အတင်းအဓမ္မရောင်းခဲ့သည်ဟု ဒေသခံတို့၏ ပြောပြ ...

မွန်ပြည်နယ်၊ မုဒုံမြို့မှာ ကျင်းပနေသော တိုင်းနှင့် ပြည်နယ် ၁၄ ကြိမ်မြောက် အမျိုးသမီး အလွတ်တန်းဘောလုံးပြိုင်ပွဲအတွက် မုဒုံမြို့ မယကဥက္ကဌမှ ကျေးရွာအချို့ကို လက်မှတ်အတင်းအဓမ္မရောင်းခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ဘောလုံးပွဲလက်မှတ်ကို တစ်စောင်လျင် ၂၀၀၀ ကျပ်ဖြင့် မယကဥက္ကဌမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌထံမှတဆင့်  ရွာသားများကို ရောင်းချပေးနေသည်ဟု သိရသည်။

“မယကဥက္ကဌကနေပြီးတော့ ကျေးရွာဥက္ကဌတွေကို သူတို့ရွာအလိုက် ရောင်းခိုင်းနေတာပေါ့၊ ရွာသားတွေက ဘယ်သူမှ မဝယ်ချင်ကြဘူး၊ ချဲ၊ ထီသမားနှင့် ထိုင်းဖုန်းဖွင့်ထားတဲ့သူတွေကိုပဲ လိုက်ရောင်းနေရတယ်” ဟု  ရွာသားတစ်ဦးက ဆိုသည်။

လက်မှတ်ဝယ်ရသော ထိုင်းဖုန်းပိုင်ရှင်များနှင့် ချဲထီပိုင်ရှင်များက လက်မှတ်ဝယ်နေရသော်လည်း ၄င်းတို့အနေဖြင့် သွားရောက်ကြည့်ရှုကြမည်မဟုတ်ကြောင်း ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။

အိမ်ခြေတစ်ရာကျော်ရှိသော ရွာငယ်များကို လက်မှတ်စောင်ရေ ၅၀ ခန့် မယကဥက္ကဌမှ ရောင်းခိုင်းပေးနေပြီး၊ အိမ်ခြေ လေးရားငါးခန့်ရှိသော ရွာများကိုမူ အစောင်ရေ ၁၀၀ အထိရောင်းခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။  

ယခုကျင်းပမည့်ပွဲသည် မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ်လာရောက် ကျင်းပခြင်းဖြစ်သည်။ ဒီပွဲမှာ စုစုပေါင်း  တိုင်းနှင့် ပြည်နယ်ဘောလုံးပွဲအသင်း ၁၆ သင်းရှိပေးမယ့်၊ ချင်းပြည်နယ်အသင်းသည် ရန်ပုံငွေမတတ်နိုင်သဖြင့် လာရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါဘူးဟု မုဒုံမြို့ပေါ်ရှိ မယကဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပထမခြေစစ်ပွဲကို သံဖြူဇရပ်မှာ ကန်ခဲ့ပြီး၊ ဒုတိယခြေစစ်ပွဲကိုတော့ မုဒုံ၊ မော်လမြိုင်မြို့မှာ ကျင်းပသွားခြင်းဖြစ်သည်။ လက်ရှိမုဒုံမှာ ကန်နေတာကတော့ ရခိုင်၊ မန္တလေးနှင့် ပဲခူးအသင်း တို့မှဖြစ်သည်။ နောက်ဆုံး ဗိုလ်လုပွဲကိုမော်လမြိုင်မြို့မှာ ကျင်းပမည်ဖြစ်ကြောင်းလည်း သိရပါသည်။