မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသော အမေရိကန်နိုင်ငံသားအတွက် သံရုံးက စုံစမ်း

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသော အမေရိကန်နိုင်ငံသားအတွက် သံရုံးက စုံစမ်း
by -
မုံပီး
မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခြင်း ခံလိုက်ရသော အမေရိကန်နိုင်ငံသားဖြစ်သူ ကိုကျော်ဇောလွင်အတွက် ရန်ကုန်ရှိ အမေရိကန်သံရုံးက မြန်မာအစိုးရနှင့် ပြောဆိုဆွေးနွေးလျက် ရှိကြောင်း သိရ ...

နယူးဒေလီ (မဇ္ဈိမ) ။     ။ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခြင်း ခံလိုက်ရသော အမေရိကန်နိုင်ငံသားဖြစ်သူ ကိုကျော်ဇောလွင်အတွက် ရန်ကုန်ရှိ အမေရိကန်သံရုံးက မြန်မာအစိုးရနှင့် ပြောဆိုဆွေးနွေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားပြီး အမေရိကန်နိုင်ငံသားဖြစ်နေသူ ကိုကျော်ဇောလွင် (ခ) ကိုညီညီအောင်သည် စက်တင်ဘာလ ၃ ရက်နေ့က ဘန်ကောက်မှ ထိုင်းလေကြောင်း တီဂျီဖြင့် ဆိုက်ရောက်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အဖမ်းခံလိုက်ရသည်။

သံရုံးအရာထမ်းတဦးက မဇ္ဈိမသို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် မြန်မာအာဏာပိုင်များနှင့် ပြောဆိုလျက်ရှိသည်ဟု ဆိုသည်။ သို့သော် သံခင်းတမန်ခင်း ထုံးစံအရဟုဆိုကာ အသေးစိတ်ကို ပြောကြားရန် ငြင်းဆန်သွားသည်။

”ကျော်ဇောလွင် အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေကို ကျနော်တို့ သိပါတယ်။ စုံစမ်းမှုတွေလည်း လုပ်နေပါတယ်” ဟု အရာရှိက ပြောလိုက်ပြီး၊ ” ကျနော်တို့ရဲ့ ဦးစားပေးက အမေရိကန်နိုင်ငံသားတွေကို အကူအညီပေးဖို့ဆိုတော့ ကျနော်တို့ ဒီက အစိုးရနဲ့ ပြောနေပါတယ်” ဆိုသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း ကိုကျော်ဇောလွင်သည် တက်ကြွလှုပ်ရှားသူ ကျောင်းသားတဦးဖြစ်ခဲ့ပြီး စစ်တပ်က ဆန္ဒပြသူများကို နှိမ်နင်းဖြိုခွင်းသောအခါ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချကာ ဝါရှင်တန်ဒီစီတွင် နေထိုင်ခဲ့သည်။

သူ၏သူငယ်ချင်းများက ရန်ကုန်ရှိ အမေရိကန်သံရုံး ကောင်စစ်ဝန်ထံသို့ ပေးပို့သော မေတ္တာရပ်ခံထားသည့် စာတစောင်တွင် ကိုကျော်ဇောလွင်အနေဖြင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ အလည်အပတ်ဗီဇာ ခွင့်ပြုချက်ရရှိပြီးသားဖြစ်သည်ဟု ပါရှိသည်။

ကိုကျော်ဇောလွင် မည်သည့်နေရာရှိနေသည်ကို မသိရှိရသေးကြောင်း သံရုံးအရာရှိက ပြောသည်။