စစ်ပွဲသစ်များ မကြာမီ ဖြစ်ပွားလာနိုင်ဟု အကဲခတ်များ ပြောဆို

စစ်ပွဲသစ်များ မကြာမီ ဖြစ်ပွားလာနိုင်ဟု အကဲခတ်များ ပြောဆို
by -
ကျော်ခ
MNDAA ကိုးကန့်တပ်ကို တိုက်ခိုက်ပြီးနောက် ဒေသတွင်းသို့ စစ်အစိုးရ တပ်ဖွဲ့များ ပိုမို ဖြည့်တင်းထားသဖြင့် တရုတ်-မြန်မာ နယ်စပ်တွင် နောက်ထပ်စစ်ပွဲများ မကြာမီ ဖြစ်ပွားလာဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက ပြော ...

ချင်းမိုင် (မဇ္ဈိမ)။     ။ MNDAA ကိုးကန့်တပ်ကို တိုက်ခိုက်ပြီးနောက် ဒေသတွင်းသို့ စစ်အစိုးရ တပ်ဖွဲ့များ ပိုမို ဖြည့်တင်းထားသဖြင့် တရုတ်-မြန်မာ နယ်စပ်တွင် နောက်ထပ်စစ်ပွဲများ မကြာမီ ဖြစ်ပွားလာဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက ပြောသည်။

စစ်အစိုးရ တပ်များသည် ဝ' တို့ အမာခံ တပ်စွဲထားသည့် ဝ' နယ်မြေမြောက်ပိုင်း ဟိုပန်းမြို့မှ မိုင် ၂၀ ခန့်ဝေးသော သံတုံးမြို့နယ် မိုင်းဆတ်မြို့အနီးတဝိုက်၊ ဝ' နယ်မြေအလယ်ပိုင်း ကျိုင်းတုံအရှေ့မြောက်တွင် အာပီဂျီ လောင်ချာ၊ မော်တာနှင့် သံချပ်ကာ ကားများ အပါအဝင်ဖြင့် လွန်ခဲ့သည့် သီတင်းပတ်ကတည်းက တပ်စွဲလာခဲ့သည်ဟု ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) သတင်းရပ်ကွက်များအရ သိရသည်။

ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေသူ ရှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ”စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးကနေ ပင်းကူကိုအသွား၊ အဲဒီလမ်းတလျှောက်မှာ စစ်ကားအစီး ၄၆ စီး၊ Escort အစောင့်အရှောက် တပ်စိတ်တစိတ်ပဲပါတယ်။ အကုန်လုံး မိုးကာအုပ်ထားတယ်။ … လက်နက်ကြီးတွေ၊ ကျည်ဆံတွေ၊ လောင်စာတွေလို့ ပြောတယ်။ အဲဒီကားတွေက ကျိုင်းတုံရောက်တော့ ထက်ဝက်စီခွဲပြီး ထက်ဝက်က ပင်းကူရဲ့ အရှေ့မြောက်ဘက်ကို တက်သွားတယ်။ နောက်တဝက်က ကျိုင်းတုံရဲ့ အရှေ့တောင်ဘက်ကို ဆင်းသွားတယ်။  အဲဒါက မိုင်းယောင်းမြို့နယ်” ဟု ပြောသည်။

နေပြည်တော်စစ်ရုံးနှင့်နီးစပ်သော သတင်းရပ်ကွက်တခုက စစ်အစိုးရအနေဖြင့် စစ်ပွဲများအတွက် ပြင်ဆင်မှုများ ရှိနေသည်ဟု ဆိုသည်။

အရှေ့တောင်တို်င်း စစ်တို်င်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် ကိုးကန့်ဒေသ လောက်ကိုင်တွင် အခြေစိုက်ပြီး၊ တပ်များကို ကွပ်ကဲလျက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်လည်း ဒေသတွင်းသို့ လှည့်လည်လျက် ရှိသည်။

စစ်တပ်ထိပ်ပို်င်းခေါင်းဆောင်များက လူအများ စစ်ပွဲကို အာရုံစိုက်နေခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို မှေးမှိန်သွားစေပြီး၊ လုပ်ကိုင်ခွင့် အခွင့်လမ်း သာစေသည်ဟု ယူဆနေကြောင်း အဆိုပါသတင်းရပ်ကွက်က ပြောသည်။

အပစ်အခတ်ရပ် ဝ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA ကလည်း နယ်မြေအတွင်း တပ်လှန့်မှုများ ပြုလုပ်ထားပြီး၊ စစ်သားဟောင်းများကို ပြန်လည်ခေါ်ယူခြင်းနှင့် လိုအပ်လျှင် တအိမ်တယောက်နှုန်း စစ်သားစုဆောင်းမည်ဟု မှာကြားထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယခုလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဝ' ဒေသ မြို့နယ် ၁၂ မြို့နယ်တွင်း အစည်းအဝေးများ ခေါ်ယူခဲ့ကာ၊ လိုအပ်လျှင် တအိမ်တယောက် စစ်ထဲလိုက်ရန် ဆင့်ခေါ်မည်ဟု ပြောကြားထားကြောင်း ဒေသခံများကို ကိုးကား၍ အာအက်ဖ်အေ မြန်မာပိုင်းအစီအစဉ် သတင်းတရပ်တွင် ပါရှိသည်။

လူဦးရေ ၄ သိန်းကျော်ရှိ ဝ' ဒေသတွင် စစ်သည်အင်အား အနည်းဆုံး ၂ သောင်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။

အစဉ်အလားအားဖြင့် အခြေခံစစ်ပညာနှင့် ဝ' လူငယ်အများစု ကျွမ်းဝင်ကြသည်။ လက်ရှိအချိန်တွင် ဝ' ခေါင်းဆောင်များက အရန်စစ်သည်အင်အား ၄ သောင်းကျော်ကို ဆင့်ခေါ်ထားပြီးဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။

အခြားသော စစ်ရုံးသတင်းရပ်ကွက်တခုက ထွက်ပြေးတိမ်းရှောင်သွားသော ကိုးကန့်ခေါင်းဆောင်သည် ဝ' နယ်မြေအတွင်း ရောက်ရှိနေသည်ဆိုကာ ပြန်လည်လွှဲပေးရန် နအဖက တောင်းဆိုထားသည်ဟု ဆိုသည်။

ဝ' နှင့် တိုက်ပွဲများ ဖြစ်ပွားလျှင် ရှမ်းနှင့် ဝ' ဒုက္ခသည် ၅ သောင်းကျော်အထိ ထိုင်းနိုင်ငံထဲ ထွက်ပြေးနိုင်ကြောင်းနှင့် တရုတ် နိုင်ငံဘက်ကိုတော့ ထိုပမာဏထက် ပိုနိုင်သည်ဟု အကဲခတ်များက တွက်ဆထားကြသည်။