ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၏မြောက်ဘက် ၂ ဖာလုံအကွာမှာ ယနေ့နနံက် ၉ နာရီ၊ မိနစ် ၄၀ ခန့်မှာ ဗုံးနှစ်လုံးပေါက်ကွဲသည်ဟု သိရသည်။
ဗုံးပေါက်ကွဲသည့်နေရာသည် မဲကသာတောသွားရာ ဒီကေဘီအေမှ ဗိုလ်အေဝမ်းတို့ဂိတ်မရောက်ခင်မှာ ပေါက်ကွဲသွားခဲ့သည်။ ၄င်းနေရာသည် ယခင်က ကေဘီအက်ဖ် ဂိတ်ဟောင်းနေရာဖြစ်ပြီး၊ ယခုချိန်မှာ ဘုရားသုံးဆူမှ ပြည်သူ့စစ်များက ကင်းစောင့်နေသည့်နေရာဖြစ်သည်။
“ဗုံးပေါက်ကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ်၊ ကျနော်မြို့ထဲမှာရှိနေတာတောင် အကျယ်ကြီးကြားရတာပဲ၊ ဒါပေမယ့် ထိခိုက်မှုတော့ တစ်စုံတစ်ရာမရှိပါဘူး၊ ခါတိုင်းနေ့ဆိုရင် အဲဒီနေရာက သစ်ကားတွေကို အခွန်ကောက်တဲ့လူတွေရှိနေတယ်၊ ဒီနေ့တော့ ဘယ်သူမှ မရောက်သေးတော့ လူတော့မထိဘူး” ဟု ဘုးရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
ထိုဗုံးနှစ်လုံးသည် မည်သည့်အဖွဲ့စည်း၏ လက်ချက်ဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း ဘုရားသုံးဆူမြို့ပေါ်မှ စစ်ရေးကျွမ်းကျင်သူတို့၏အဆိုအရ ၄င်းဗုံးသည် (ရှေ့ထွက်မိုင်း) အမျိုးစား ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။
“မဲကသာတောထဲမှာ ဒီကေဘီအေတွေနဲ့အတူရှိနေတဲ့ ခလရ ၂၈၃ တပ်တွေကလည်း ဒီမနက်မှာပဲ မြို့ထဲကို ကားနဲ့ဝင်လာတာ သူတို့ကားလည်း အဲဒီဗုံးပေါက်တဲ့နေရာကနေ ကိုက် ၆၀ လောက်ကျော်လွန်သွားပြီးမှ ဗုံးကပေါက်သွားတာပဲ” ဟု ၄င်းမြို့ခံက ဆက်ပြောသည်။
ဗုံးပေါက်ကွဲပြီး မကြာခင်မှာပဲ ဒီကေဘီအေတပ်သားတို့ရောက်ရှိလာပြီး၊ စစ်းဆေးမှုပြုလုပ်သော်လည်း၊ ယခုချိန်ထိ ထိုဗုံးပေါက်ကွဲမှုကြောင့် စစ်အစိုးဘက်မှ လုံခြံုရေးတိုးမြှုင့်ထားခြင်းမရှိသေးပါ။
ဘုရားသုံးဆူမြို့ပေါ်မှာရှိနေသည့် စစ်ရေးကျွမ်းကျင် လက်နက်ကိုင်တပ်ဖွဲ့တို့၏ ထင်မြင်ချက်အရ (Ever mine) မိုင်းသည် အများအားဖြင့် ကေအန်ယူတို့ကသုံးဆောင်နေကြသည်ဟု ထင်မြင်နေကြသည်။
ဇွန်လ ၂၈ ရက်နေ့မှာလည်း ဘုရားသုံးဆူမြို့ထဲသို့ ဗုံးနှစ်လုံး ခလရ တပ်ရင်း ၃၂ ရှေ့နှင့် ၄င်းတပ်ရင်းနှင့် ကိုက် ၁၀၀ ခန့်အကွာနအဖစစ်တပ်သားများမရှိသော နေရာတွင် ပေါက်ကွဲခဲ့သည်။
ထိုစဉ်က ပေါက်ကွဲခဲ့သည့် ၄င်းဗုံးနှစ်လုံးသည် မည်သည့်အဖွဲ့စည်းမှ လက်ချက်ဖြစ်ကြောင်း မြန်မာစစ်အစိုးရအာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှုပြုနေသော်လည်း ယနေ့ထိ မည်သူလက်ချက်ဆိုတာကို မဖော်ထုတ်နိုင်ခဲ့ပေ။
မြို့ထဲသို့ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်နေရာအနှံ့တွင် လုံခြံုရေး တင်းကြပ်ထားလိုက်ကြောင်းလည်း သိရသည်။