ချန်ပီယံအိပ်မက်အတွက် အမှားခံ၍မရဟု ရန်ကုန် ယူနိုက်တက် ပြောဆို

ချန်ပီယံအိပ်မက်အတွက် အမှားခံ၍မရဟု ရန်ကုန် ယူနိုက်တက် ပြောဆို
မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်ရေးအိပ်မက် ဆက်လက် ထိမ်းသိမ်းနိုင်ရေးအတွက် တာထွက် မကောင်းခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရှေ့လာမည့် ပွဲစဉ်များတွင် အမှားခံ၍ မရတော့ ...

နယူးဒေလီ ။     ။ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်ရေးအိပ်မက် ဆက်လက် ထိမ်းသိမ်းနိုင်ရေးအတွက် တာထွက် မကောင်းခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရှေ့လာမည့် ပွဲစဉ်များတွင် အမှားခံ၍ မရတော့ကြောင်း အသင်း၏ မန်နေဂျာက ယနေ့ ပြောဆိုသည်။

“နောက်ပွဲစဉ်တွေကတော့ လုံးဝ အမှားခံလို့ မရတော့ပါဘူး။ အခုရာသီက ပိုခက်ခဲပါတယ်။ အသင်းတိုင်းက အကောင်းဆုံး ပြင်ဆင်ထားကြတာပါ။ ကျနော်တို့ကတော့ ချန်ပီယံဖြစ်ဖို့အထိ မျှော်မှန်းထားပါတယ်” ဟု ရန်ကုန်ယူနိုက်တက် အသင်း မန်နေဂျာ ဦးအောင်ကျော်လွင်က မဇ္စျိမကို ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့် ၈ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည့် ဧရာဝတီတိုင်း ကိုယ်စားပြု Delta United အသင်းအား ယမန်နေ့က သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ တွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်က ဦးဆောင်ဂိုးကို ပထမပိုင်း ရ မိနစ်မှာပင် နိုင်ဦးလွင်က သွင်းယူနိုင်ခဲ့သော်လည်း Delta United အတွက် စတန်လေ (Stanley)က ၅၄ မိနစ်တွင် ချေပဂိုး၊ အဲဗက် (Elvis) က အနိုင်ဂိုးများ သွင်းယူခဲ့သဖြင့် Delta က ရန်ကုန်ယူနိုက်တက် အသင်းကို ပထမဆုံး အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား၏ ဒုတိယနေရာကို ရယူနိုင်ခဲ့သည်။

ဦးအောင်ကျော်လွင်က “ကျနော်တို့ ဂိုးကံခေလို့ ရှုံးရတာပါ။ အပိုင်ဂိုးသွင်းခွင့်က ပထမပိုင်း ၅ ကြိမ်၊ ဒုတိယပိုင်း ၅ ကြိမ်လောက် ရပါတယ်။ ဒါတွေကိုသာ အဆုံးသတ်နိုင်မယ်ဆိုရင် ၄-ဝ လောက် ဖြစ်သွားမယ် ထင်ပါတယ်” ဟု ပြောသည်။

ယခုပွဲစဉ်မတိုင်မီ ပြီးခဲ့သည့် ရာသီတွင် တကြိမ်၊ ခြေစမ်းပွဲတွင်တကြိမ် ရန်ကုန်ယူနိုက်တက်နှင့် Delta United ၂ ကြိမ် ဆုံတွေ့ခဲ့ရာ ၂ ကြိမ်စလုံးပင် ရန်ကုန်ယူနိုက်တက်က အနိုင်ရရှိခဲ့သည်။

စမ်းချောင်းမြို့နယ်မှ ရန်ကုန် ယူနိုက်တက် အမျိုးသမီး ပရိသတ်တဦးက “ကျမတို့ ရန်ကုန်အသင်းရှုံးသွားတော့ လုံးဝ စိတ်မကောင်းဘူး။ ကိုယ်အားပေးတဲ့ အသင်းကိုတော့ နိုင်စေချင်တာ လူတိုင်းပါပဲ။ ကျမကတော့ နိုင်နိုင်ရှုံးရှုံး အားပေးနေမှာပါ” ဟု မဇ္စျိမကို ပြောသည်။

ရန်ကုန်ယူနိုက်တက်သည် ရာသီကြို ခြေစမ်းပွဲများအဖြစ် အိန္ဒိယမှ အရှေ့ဘင်ဂေါအသင်းးအား ၃ ဂိုး ၁ ဂိုး၊ ထိုင်းနိုင်ငံမှ ထိုင်းဆိပ်ကမ်း အာဏာပိုင်အသင်းအား ၄ ဂိုး ၃ ဂိုး၊ တယ်ရိုဆက်စနာအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့့် ခြေစမ်းပွဲ ၃ ပွဲစလုံး ရှုံးနိမ့်ထားသည်။

ယခုရာသီအတွက် ပြင်ဆင်မှုအဖြစ် ပြီးခဲ့သည့် ရာသီက ခေါ်ယူခဲ့သည့် တိုက်စစ်မှူး မစ်ဆီပိုနှင့် ကွင်းလယ်လူ လာဘီယူတို့ကို စာချုပ်ဖျက်သိမ်းပြီး နောက်ထပ် နိုင်ငံခြားသား ကစားသမား ၃ ဦး (ကက်စီရာတီ၊ ဖရန့်ကလင်း၊ ဒီဒီယာ) ထပ်မံ အားဖြည့်ထားသည်။

Delta United က မြန်မာကစားသမား ၄ ဦး (ချမ်းချမ်း၊ မျိုးဇော်ဦး၊ ကျော်ဇေယျာဝင်း၊ စိုင်းသိန်းအောင်) နှင့် နိုင်ငံခြားသားကစားသမား ၅ ဦး (James Money၊ Stanley၊ Vitus၊ Elvis William၊ Sunday M.Sean ) စုစုပေါင်း ၉ ဦး အားဖြည့်ထားသည်။

ရန်ကုန်ယူနိုက်တက်ပိုင်ရှင်မှာ ထူး ကုမဏီအုပ်စုပိုင်ရှင် ဦးတေဇ ဖြစ်ပြီး၊ Delta United ပိုင်ရှင်မှာ ဦးစိုးဟန်လင်း (ပုသိမ်အသင်း ဥက္ကဋ္ဌ) ဖြစ်သည်။

Delta United သည် ပွဲစဉ် ၂ တွင် Southern Myanmar အသင်းနှင့် လာမည့် ၉ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ရန်ကုန်ယူနိုက်တက်က ၁ဝ ရက်နေ့တွင် သုဝဏ္ဏကွင်း၌ပင် ဥဿာယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်များ၏ ရလဒ်များမှာ ၅ ရက်နေ့တွင် မန္တလေးမြို့ ဗထူးကွင်း၌ ရတနာပုံအသင်းက ကမ္ဘောဇအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ၆ ရက်နေ့တွင် မကွေးနှင့် ဇေယျာရွှေမြေအသင်းတို့က ဗထူးကွင်းတွင် ၁ ဂိုးစီ သရေကျခဲ့သည်။

ယနေ့တွင် သုဝဏ္ဏကွင်း၌ ဥဿာယူနိုက်တက်က Southern Myanmar ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Most read this week