၀ နှင့် မိုင်းလားအဖွဲ့တို့အား တိုက်ခိုက်ပါက လက်နက်ကြီးများနှင့် တိုက်လေယာဉ်များ အသုံးပြုမည်ဟု မိုင်းယန်းမြို့ရောက် နေပြည်တော် အဆင့်မြင့်အရာရှိက ရပ်ရွာ လူထုခေါင်းဆောင်၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ကျိုင်းတုံကုန်သည် သတင်းရပ်ကွက်ပြောပါသည်။
စစ်အစိုးရ၏ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကျော်ကျော်က မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းနှင့်အတူ လိုက်ပါ၍ မိုင်းယန်းမြို့ ဌာနပေါင်းစုံဝန်ထမ်းများ၊ ဒေသခံရပ်ကွက်ဥက္ကဌများအား ဆင့်ခေါ်အစည်းအဝေးတရပ်ကျင်းပ ခဲ့ပါသည်။
“နေပြည်တော်က လာတဲ့ အရာရှိ ဗိုလ်မှူးကြီးကျော်ကျော် ဆိုတာက ပြီးခဲ့တဲ့ ၅-၆ နှစ်က မိုင်းယန်း ခလရ ၂၆၉ တပ်ရင်းမှူး ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် စည်းရုံးရေးအတွက် သူ့ကို လွတ်လာတာနေမှာပေါ့” - ဟု အမည် မဖေါ်လိုသည့် မိုင်းယန်းမြို့ ခံတဦးက ပြောပါသည်။
အစည်းအဝေးတွင် ဗိုလ်မှူးကြီးကျော်ကျော်က အစိုးရစစ်တပ်နှင့် မိုင်းလား တပ်ဖွဲ့၊ ၀ တပ်ဖွဲ့တို့ စစ်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံများ ၀န်ထမ်းများ အားလုံး မိမိနေရပ်ပြန်လာပြီး ပုံမှန်အတိုင်းနေထိုင် သွားရန် မှာကြားခဲ့ကြောင်း ပြောဆိုသည့်အပြင် -
“ကောဠာဟာဠ သတင်းတွေကြောင့် တိမ်းရှောင်နေတဲ့ဝန်ထမ်းတွေ အမြန်ဆုံးပြန်လာပါ၊ အချိန်မှီအလုပ် လာမလုပ်ရင်ရာထူး ကနေ ဖြုတ်ချခံရမယ်။ ကြီးလေးတဲ့ပြစ်ဒဏ်ပေးခံရမယ်၊ အခုအခြေအနေမှာ တပ်မတော်အဖို့ ၀ နဲ့ မိုင်းလားကို တိုက်ဖို့ အကြောင်းမရှိ်ဘူး၊ တိုက်မယ်ဆိုရင် တပ်ရင်း ဆယ်နဲ့ချီ တွေ့ရမှာပေါ့၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေတွေ့ရမှာ ပေါ့၊ အရင်ကလို လူအင်အားများများစားစား သုံးတော့မှာမဟုတ်ဘူး၊ အခု ဒီဒေသမှာ ထူးခြားတဲ့ပြင်ဆင်မှုတွေမတွေ့ရတာ ကိုက လုံးဝ တိုက်ပွဲဖြစ်မှာမဟုတ်ဘူး ကျနော်အာမခံတယ်” ဟု ပြောကြားခဲ့သေးကြောင်း အမည်မဖေါ် လိုသည့်ဝန်ထမ်း တဦးကဆိုပါသည်။
ပြီးခဲ့သည့်လက စစ်အစိုးရက အင်အားသုံး၍ ကိုးကန့်ဒေသအားဝင်ရောက်သိမ်းပိုက်လိုက်ခြင်းကြောင့် တရုပ်နယ်စပ် ဒေသခံ လူထုက မိမိလုံခြံု ရေးအတွက် အခြားဒေသသို့တိမ်းရှောင်ခဲ့ကြသည်။
“စီးပွားရေးသမားတွေ၊ တရုပ်နိုင်ငံသားတွေ ကိုးကန့်အရေးအခင်းကတည်းက မိုင်းလားဒေသ၊ ၀ ဒေသအတွင်း မနေရဲ တော့ဘူး။ အရင်က ပန်ဆန်း-တန့်ယန်း ကားခ ၆ သောင်း လောက်ကနေ အခု ၁ သိန်း ၂ သောင်းဖြစ်သွားပြီ၊ ပြီးခဲ့တဲ့အ ပတ် က တစ်သိန်းခွဲအထိတက်တယ်။ တရုပ်ပြည်သားတွေလဲ ပြန်ကုန်ပြီ၊ မိုင်းလား နဲ့ ပန်ဆန်းမှာ ကာစီနိုရုံလဲ မရှိတော့ ဘူး၊ ည ၈ နာရီဆို စားသောက်ဆိုင်တွေပိတ်ကုန်ပြီ”- အမည် မဖေါ်လိုသည့် ပန်ဆန်းကုန်သည်တဦးက ပြောပြသည်။
မိုင်းယန်း၌ နေပြည်တော်အရာရှိက စစ်မဖြစ်နိုင်ကြောင်း ဒေသခံလူထုအား ရှင်းလင်းပြောကြားသကဲ့သို့ ပန်ဆန်းဝမြို့တော်၌ လည်း စစ်ဖြစ်ခဲ့ပါက အနည်းဆုံး ၃ လမှ အများဆုံး ၅-၆ လအချိန်ယူမှသာ ဌာနချုပ်သို့ ပျံ့နှံ့လာနိုင် မည် ဖြစ်ကြောင်း နံရံကပ်စာစောင်များကပ်၍ ဒေသခံလူထုအား နေရင်းပြန်လာရန် ခေါ်သောကြောင့် တချို့တဝက် ပြန်လာနေပြီဟုအဆိုပါ ကုန်သည်က ပြောပြသည်။