နယူးဒေလီ (မဇ္စျိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ဝါရင့်ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းက မြန်မာ့နိုင်ငံရေး၌ တတိယအင်အားစုအဖြစ် လှုပ်ရှားနေသူတစုနှင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းသွားမည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် သူ၏ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့နှင့် စစ်အစိုးရဘက်သို့လည်းမလိုက်၊ ပင်မအတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်လည်း မလိုက်ဆိုသော တတိယအင်အားစုဟု နိုင်ငံရေးနယ်ပယ်တွင် လူသိများသော နိုင်ငံရေးသမား ၅ ဦးတို့ မဟာမိတ်အဖွဲ့ ထူထောင်နိုင်ရန် မူဝါဒသဘောထားများ ရေးဆွဲနေခြင်း ဖြစ်သည်။
“ဖွဲ့မယ်။ ဥပဒေထွက်လာရင် ဖွဲ့မယ်။ ကြိုတင်ပြင်ဆင်ထားတယ်။ ရှေ့လုပ်ငန်းစဉ်တွေက တကွဲတပြားလုပ်ဖို့ မလွယ်တော့ဘူး။ ပေါင်းနိုင်မှ တော်ကာကျမှာ။ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်” ဟု ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ဖူးသူ ဦးရွှေအုန်းက မဇ္စျိမကို ပြောသည်။
မဟာမိတ်ဖွဲ့မည့်သူများမှာ တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ကွန်ယက်အဖွဲ့ဝင် ကိုနေမျိုးဝေနှင့် ဦးဌေးတို့အပြင် ကိုသိန်းတင်အောင်၊ ဦးသန်းမင်းစိုး၊ ကိုသောင်းဝင်း ဆိုသူတို့ ဖြစ်သည်။
ကိုနေမျိုးဝေက “၉၉ ရာခိုင်နှုန်း သေချာသွားပါပြီ။ ပါတီတခုအနေနဲ့ ရပ်တည်ဖို့က မလွယ်ပါဘူး။ လူရှားတာရယ်၊ ရပ်တည်ပြောဆိုရဲတဲ့သူ နည်းတယ်။ ဒါကြောင့် ပူးပေါင်းလုပ်ဆောင်ကြမယ်လို့ စီစဉ်ကြတာပါ” ဟု ပြောသည်။
ဦးရွှေအုန်းက “သူတို့နဲ့က ဝါဒက သိပ်မကွဲပါဘူး။ အပေါက်ကျယ်ကျယ် ဖွင့်ထားတယ်ဆိုတော့ ဘယ်သူမဆို အခြေခံမူဝါဒ တူကြမယ်ဆိုရင် ပေါင်းကြမယ်။ စတင်တည်ထောင်လို့ ကျနော်တို့က ထိပ်ကနေမှာ မဟုတ်ဘူး။ အင်အားကြီးရင် ကြီးသလိုတက်လာ။ တက်လာတဲ့ခေါင်းဆောင်နောက် ကျနော်တို့လိုက်ဖို့ အဆင်သင့်ပါ'' ဟု ပြောသည်။ မဟာမိတ်အဖွဲ့ ဖွဲ့စည်းမည်ဖြစ်သော်လည်း သူ၏ ပါတီအမည်ကို ဆက်လက်ထားရှိသွားမည်။
တတိယအင်အားစု ဆိုသူများသည် စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်ခံကာ စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ပြောင်းလဲရာ၌ တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲမှုသာ လက်တွေ့ဖြစ်နိုင်မည်ဟု ယုံကြည်ထားကြသည်။
၅ ဦးပါ အုပ်စု၌ ပါဝင်သည့် ကိုသိန်းတင်အောင်က “ကျနော်တို့က အုပ်ချုပ်ရေး အာဏာပိုင်းမှာ နေရာရဖို့ဆိုတာ မမျှော်မှန်းဘူး။ ရနိုင်မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့မျှော်မှန်းနိုင်တာက ဥပဒေပြုရေးအာဏာပဲရှိတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ပဲ လွှတ်တော်ထဲကို သွားဖို့ ရည်ရွယ်ရမှာ” ဟု မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “တချို့ပါတီတွေက အခုချိန်မှာ ငါတို့တော့ ဝန်ကြီးချုပ်ဖြစ်မယ်ဆိုပြီး မျှော်မှန်းနေတာတွေက စိတ်ကူးယဉ်နေတာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။” ဟု ပြောဆိုသည်။
၎င်းတို့၏ ရပ်တည်ချက်သည် စစ်တပ်သြဇာခံ မဟုတ်ဘဲ၊ အတိုက်အခံလည်း မပြုလုပ်လိုသည့်အပြင် အန်အယ်ဒီကို ပုတ်ခတ်ခြင်း၊ နောက်လိုက်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ပြောဆိုကြသည်။
အန်အယ်ဒီသည် ၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော်လည်း အာဏာသိမ်းစစ်အစိုးရက လွှဲပြောင်းပေးအပ်ရန် ငြင်းဆိုထားသည်။
၈၆ နှစ်အရွယ် ဦးရွှေအုံးသည် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်ကို ရေးသားခဲ့သေးသည်။ စာမျက်နှာ ၃၁၁ မျက်နှာရှိပြီး၊ အခန်း ၁၇ ခန်းရှိကာ မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံ အခြေခံ ဥပဒေများအပေါ် အမြင်များ ပါဝင်သည်။
ထိုစာအုပ်သည် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှ့ံခဲ့ပြီး၊ တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးထံ တင်ပြခဲ့သော်လည်း ယနေ့ထိတိုင် ခွင့်ပြုချက် မရရှိခဲ့ပေ။
၁၉၉၃ ခုနှစ်တွင် “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ထိုနှစ်တွင် သူသည် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ ''၈ ပြည်နယ် ပြည်ထောင်စုမူ'' စာတမ်းကို တင်ပြခဲ့သဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရသည်။