ကိုးကန့် အရေးအခင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိရန် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ထံ စရဖညွှန်ချုပ် ဒု -ဗိုလ်ချုပ်ကြီး ရဲမြင့် စာရေးချွေးသိပ် ကျောသပ်ခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။
“အခုတလော ၀ နယ်နဲ့ မိုင်းလားနယ်ထဲက ပြည်သူတွေ၊ ဗမာတပ်ထိန်းချုပ်တဲ့ မိုင်းယန်းမြို့ပေါ်က ဒေသခံ ရ၀% တွေ ကျိုင်းတုံ-တာချီလိတ်ဘက် ဆီလူးဘက်ကနေ တရုပ်နယ်စပ်ဘက်ပြောင်းရွေ့နေတယ်။ အခြေအနေကသိပ်မကောင်းလို့တဲ့။ ဗမာတပ်ဘက်ကတော့ မိုင်းလားကို - စစ်မတိုက်ပါဘူး၊ ပုံမှန်အတိုင်းနေသွားပါ - ဆိုတဲ့အကြောင်း ဗိုလ်ချုပ်ရဲမြင့်ကစာရေး တယ်ပြောတယ်” - ဟု အမည်မဖေါ်လိုသည့် ပန်ဆန်းကုန်သည်တဦးကပြောပါသည်။
စက်တင်ဘာ ၁ ရက်နေ့ရက်စွဲပါ ဗိုလ်ချုပ်ရဲမြင့်ထံမှပေးစာတွင် စာမျက်နှာ ၃ မျက်နှာကျော်ပါကြောင်း၊ ပါ၀င်သည့် အကြောင်းအရာများမှာ - ကိုးကန့်ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ထိပ်လန့်ဖွယ်တစုံတရာမျှမရှိစေရန်နှင့် လက်နက်စက်ရုံ၊ မူးယစ်ချက်ရုံအကြောင်း ဖြေရှင်းချက်တောင်းခဲ့သည်ကို ဖုန်ကြားရှင်းအုပ်စုက လက်ခံဖြေရှင်းခြင်းမပြုဘဲရဲတပ်ဖွဲ့အား ပစ်ခတ် တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ခဲ့ရကြောင်း ပါ၀င်သည်။
ထို့အပြင် မိုင်းလားတပ်ဖွဲ့သည် အစိုးရ၏ ရင်းနှီးသောမဟာမိတ်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး အေးချမ်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာအများအပြားရှိကြောင်း၊ ပူပင်သောကရောက်စေမည့် လုပ်ရပ်မျိုးတပ်မတော် ဘက်မှ အထူးရှောင်ရှား မည်ဖြစ်ကြောင်း၊ အဆိုပါအကြောင်းများ မိုင်းလားအရာရှိများနှင့်ဒေသခံ ပြည်သူများအား ရှင်းပြ စေလိုကြောင်း - ရေးသားထားသည် ဟု အပစ်ရပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် ကုန်သည်တဦးကပြောပြပါ သည်။
ပြည်သူအများအပြား ဒေသအတွင်းစွန့်ခွါထွက်ပြေးရသည့်အကြောင်းရင်းနှင့်ပတ်သက်၍လည်း ကျိုင်းတုံခရိုင် ဒု -ရဲမှူးကြီး ကလည်း ၁/၀၉/၀၉ ရက်နေ့က မိုင်းယန်းသို့သွားရောက်ပြီး ဌာနစုံညီအစည်းအဝေး တရပ်ပြုလုပ်ခဲ့သေးကြောင်း - မိုင်းယန်း ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောပြပါသည်။
“ဒု-ရဲမှူးကြီးအဓိကဟောပြောတာက အကြောင်းအရာ ၅ ခုပါတယ်၊ (၁) - ပြည်သူတွေနေရပ်စွန့်ခွာအောင်ဘယ်သူက သတင်းစဖြန့်တာလဲ၊ စစ်တပ်အတွင်းလား ပြည်သူအတွင်းလား ဘယ်သူကလုပ်ကြံလဲ သေချာစစ်ဆေးဖို့၊ (၂)- ဒေသခံ လူထုနဲ့အတူ တိမ်းရှောင်နေတဲ့ ၀န်ထမ်းတွေ စစ်တင်ဘာ ၃ ရက်နေ့နောက်ဆုံးထားပြီးအလုပ်ပြန်ဝင်ရမယ်။ မရောက်ရင် ရာထူး ဖယ်ရှားပစ်မယ်၊ အရေးယူခံရမယ် (၃) - နေရပ်ရင်းစွန့်ခွာတဲ့ ပြည်သူအားလုံးဒေအတွင်းအမြန်ပြန်လာကြပါ။ တစုံတရာရုန်းရင်းဆန်ခတ်မဖြစ်စေရဘူး၊ တိုက်ပွဲလည်းမဖြစ်ပါဘူး၊ (၄) - ပျောက်ဆုံးစစ်သား ၃ ယောက် (တယောက်ပြန် တွေ့ /ခေါင်းကွဲပြီး မိုင်းယန်းဆေးရုံ၌ ကုသနေ) ကိစ္စကလည်းအရက်မူးလို့ ထင်ရာစိုင်းသွားကြတာ၊ သက်ဆိုင်ရာတာဝန်ရှိ တပ်ရင်းတပ်ဖွဲ့တွေ ဖြေရှင်းဖို့ဖြစ်တယ်၊ (၅) နောက်တခု မဟုတ်မမှန်သတင်းဖြန့်တာက အခွင့်အရေးသမားတွေ လုယက် ချင်တဲ့ သူခိုးဂျပိုး တွေကြောင့်တာဖြစ်ရတာ”- စသည်ဖြင့်ပြောကြားခဲ့သည်ဟုသိရ၏။