ရခိုင်ပြည်နယ်အတွင်း လူထုအုံကြွမှုများအား ကိုင်တွယ်ရန် လုံထိန်း ရဲတပ်ရင်းများကို အင်အားဖြည့်

ရခိုင်ပြည်နယ်အတွင်း လူထုအုံကြွမှုများအား ကိုင်တွယ်ရန် လုံထိန်း ရဲတပ်ရင်းများကို အင်အားဖြည့်
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နှင့် ရွေးကောက်ပွဲ အတောအတွင်း လူထုအုံကြွ ဆန္ဒပြ ကန့်ကွက်မှုများအား တားဆီး ထိန်းထားနိုင်ရန် လက်ရှိ လုံထိန်း ...

တာကလူး (နိရဥ္စရာ) မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နှင့် ရွေးကောက်ပွဲ အတောအတွင်း လူထုအုံကြွ ဆန္ဒပြ ကန့်ကွက်မှုများအား တားဆီး ထိန်းထားနိုင်ရန် လက်ရှိ လုံထိန်း ရဲတပ်ရင်းများအား အင်အား စတင်တိုးချဲ့နေပြီြ ဖစ်ကြောင်း စစ်တွေအမှတ် (၁၂)ရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အဆိုပါရဲအရာရှိက “၂၀၁၀ ရွေးကောက်ပွဲ အတွက် အစိုးရက တစိုက်မတ်မတ် ကြိုးပမ်း နေတဲ့အချိန်မှာ ဆန္ဒပြ ဆူပူမှုတွေ လုံးဝ မရှိအောင် ထိန်းသိမ်းပေးရမယ်ဆိုပြီး ရဲတွေကို ညွှန်ကြား ထားတယ်။ ပြီးတော့ ရွေးကောက်ပွဲ လုံခြံုရေး အတွက် ရဲတွေကိုပဲ တာဝန်ပေးသွားမှာ ဆိုတော့ ခုအချိန်ကနေ အင်အားဖြည့်ထားရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ပြောသည်။

ယခုကဲ့သို့ လုံခြံုရေး မလစ်ဟင်းစေရန် နှင့် လိုအပ်လျှင် အင်အားဖြည့်တင်းရန် နေပြည်တော် ရဲတပ်ဖွဲ့ဌါနချုပ်မှ ရဲမှူးချုပ် စိုးဝင်းမြင့်နှင့် ဒုတိယရဲမှူးချုပ် ဇော်ဝင်းတို့ လွန်ခဲ့သော ဇူလိုင်လ ကုန်ပိုင်းက ရခိုင်အခြေစိုက် ရဲတပ်ရင်းများနှင့် လာရောက် လည်ပတ် တွေ့ဆုံခဲ့စဉ် အတွင်း ညွှန်ကြားထားခဲ့သည်ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် အလိုက် နယ်ထိန်း ရဲစခန်းများ အပြင် စစ်တွေ အမှတ် (၁၂)ရဲ တပ်ရင်း၊ ဘူးသီးတောင် အမှတ် (၁၃)ရဲတပ်ရင်းနှင့် မောင်တော အမှတ်(၂) ရဲတပ်ရင်း စသည်ဖြင့် လုံထိန်းရဲတပ်ရင်း (၃)ခုအခြေစိုက်ထားပြီး၊ တပ်ရင်းတစ်ခုစီတွင် တပ်သား အင်အား ပျမ်းမျှ (၃၅၀)ရှိရာမှ (၅၀၀) ကျော်ထိအင်အားဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ပထမအဆင့်အနေနဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ရဲစခန်းတွေမှာတာဝန်ကျနေတဲ့ နယ်ထိန်းရဲ (၁၁၇)ဦးကို ရွေးထားပြီးပါပြီ။ သူတို့က လာမယ့် စင်တင်ဘာ(၆)ရက်ကနေ လုံထိန်း တပ်ရင်းတွေမှာ တာဝန်ထမ်းရမှာဖြစ်တယ်။ ရဲသားသစ်တွေလဲ ခေါ်ယူနေပါပြီ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးပြီးလျှင် တတိယ ရဲအင်အား အများဆုံး ပြည်နယ် တစ်ခုဖြစ်သည်။

ပြည်တွင်းထဲမှ ဒီမိုကရေစီလှုပ်ရှားသူတစ်ဦးက “နအဖစစ် အစိုးရက ခုလို ပြည်သူတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့ စစ်သားတွေကိုထက် လုံထိန်းရဲတွေကို ရှေ့တန်း တင်ပေးလာတယ်။ အင်အားဖြည့်တင်းလာတယ် ဆိုတာဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ လူထု ဆူပူအုံကြွမှုတွေကို ရဲတပ်ဖွဲ့တွေကိုသုံးပီး ဖြေရှင်းနေသလို သူတို့မှာလည်း ဖြေရှင်းတယ် ဆိုတာကို ပြနိုင်အောင် လုပ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရသည် ဒီမိုကရေစီလှုပ်ရှားသူများကို ထောင်သွင်းအကျဉ်းချထားပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဘေးဖယ်ထားကာ သူတို့၏အာဏာ တရားဝင် တည်မြဲရေးအတွက် ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပရန် အဘက်ဘက်မှ ပြင်ဆင် လျက်ရှိကြောင်းလည်း သူက ဆက်ပြောသည်။

ရခိုင်ပြည်သူများ၏ အဆိုအရ လွန်ခဲ့သော ၂၀၀၇-ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရှေး ပေါ်ပေါက်ခဲ့သည့်အချိန်မှစ၍ ရခိုင်ပြည်နယ်ရှိ အဓိက မြို့ကြီးများ၏ ဘုရားကျောင်းကန် အပါအဝင် လူစုဝေးရာ အရပ်များတွင် လုံထိန်းရဲများက လုံခြံုရေး ယူကာ တင်းတင်းကျပ်ကျပ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

Most read this week