နယူးဒေလီ (မဇ္ဈိမ)။ ။ နယ်ခြားတပ် အသွင်ပြောင်းရေး ငြင်းဆန်နေသည့် ကိုးကန့် အပစ်ရပ်အဖွဲ့အား စစ်အစိုးရက နည်းဗျူဟာဟောင်း တခုဖြစ်သော သွေးခွဲ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးနေသည်ဟု မြန်မာအကဲခတ်များက ပြောဆိုကြသည်။
မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA - ကိုးကန့် စစ်ဦးစီးချုပ်နှင့် အဖွဲ့ဥက္ကဋ္ဌ ဖုံကြားရှင်သည် ကိုးကန့်မြို့တော် လောက်ကိုင်မှ သူ့တပ်ဖွဲ့များနှင့်အတူ ယနေ့ ထွက်ခွာသွားခဲ့ရပြီး၊ သူ့ကိုဖမ်းဆီးရေးအတွက် ကိုးကန့်အချင်းချင်း တိုက်ပွဲဖြစ်စေရန် စစ်အစိုးရက သွေးခွဲနေသည်ဟု ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
''ဖုန်ကြားရှင်ကို ဖမ်းနိုင်လိမ့်မယ်လို့ ကျနော်မထင်ဘူး။ တိုက်မှရမယ်။ ဒါပေမဲ့ တိုက်ရမယ် ဆိုရင်လည်း စစ်အစိုးရ ဖြစ်စေချင်တာက ကိုးကန့်အချင်းချင်း တိုက်တယ်ဆိုတာမျိုးပဲ ဖြစ်စေချင်တာ။ ဒါ ကိုးကန့်အချင်းချင်း ပြန်ချခိုင်းတာပဲ။ ဒီနည်းဗျူဟာကို သုံးလာတာကြာပြီ။ ကိုးကန့်ကိစ္စမှာ သူတို့တပ်တွေကို ဖြိုခွဲဘို့ ပြန်သုံးတာပဲ'' ဟု တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။
''ကရင်အမျိုးသား အစည်းအရုံးအတွင်းမှာ အကွဲအပြဲတွေဖြစ်ခဲ့တာလည်း ကျနော်တို့ တွေ့ခဲ့ရပြီးပြီ။ အဲဒီကိစ္စမှာ စစ်အစိုးရ ဘယ်လိုပါခဲ့တယ်ဆိုတာလည်း မြင်ခဲ့ရပြီးပြီ။ အခုလည်း တခြားအဖွဲ့တွေအပေါ် ဒီနည်းဗျူဟာကိုပဲ ထပ်သုံးမယ့် အလားအလာ ပိုများတာ တွေ့နေရပြီ'' ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။
ယခုအခါ လောက်ကိုင်ရှိ ပြည်သူ့စစ်အဖွဲ့များကို ခေါင်းဆောင်နေသည့် MNDAA ဒုဥက္ကဋ္ဌ ပိုင်စိုချိန်ဘက်မှ မြန်မာစစ်တပ်က ရည်တည်ပေးလျက်ရှိကာ၊ သူနှင့် အခြား အဖွဲ့ဝင်များက MNDAA ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်။
ထိုင်းအခြေစိုက် ရှမ်းသတင်းအေဂျင်စီ (SHAN) က ဖုန်ကြားရှင် ခေါင်းဆောင်ခဲ့သော ကိုးကန့်တပ်မတော်ကို ယခုအခါ လောက်ကိုင်မြို့တွင် မတွေ့ရတော့ဘဲ မြန်မာစစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရက ကျောထောက်နောက်ခံပြု ကိုးကန့်ပြည်သူ့စစ်အဖွဲ့များကိုသာ တွေ့ရှိရတော့သည်ဟု ဆိုသည်။
အခြားသတင်းရပ်ကွက်များက ဖုန်ကြားရှင်နှင့် သူ့တပ်ဖွဲ့သည် လောက်ကိုင်မြို့မြောက်ဘက်တွင် အခြေစိုက်နေပြီး နှစ်ဖက်တပ်များအကြား တင်းမာမှုများ ဖြစ်ပွားနေကာ ပစ်ခတ်မှုများ မကြာခင် ဖြစ်ပေါ်နိုင်သည့် အခြေအနေ ရှိနေသည်ဟု ဆိုသည်။
ကိုးကန့်ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့သည် သံလွင်မြစ်အရှေ့ဘက်တွင်ရှိပြီး တရုတ်နယ်စပ်နှင့် ကပ်လျက်တည်ရှိသည်။
စစ်အစိုးရ၏ သွေးခွဲနည်းဗျူဟာမှာ ခေတ်နောက်ကျနေပြီး ကြိုတင်ခန့်မှန်းနိုင်သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဤအဖွဲ့များသည် အဆိုပါ ထောင်ချောက်အတွင်းသို့ပင် သက်ဆင်းကျရောက်နေကြရသည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
''တခြားအဖွဲ့တွေကိုလည်း စစ်အစိုးရက ဒီနည်းဗျူဟာကို သုံးပြီး လုပ်သွားခဲ့တာ။ ကိုးကန့်ကိစ္စမှာလည်း ဒီလိုပါပဲ။ ကိုးကန့်ကို ရှင်းပစ်လိုက်နိုင်ရင် တခြားအဖွဲ့တွေဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လို အဖွဲ့မျိုးကို အင်အားချိနဲ့သွားအောင် လုပ်နိုင်တယ်ဆိုတာ စစ်အစိုးရက သိတယ်'' ဟု သူက ပြောသည်။
ကိုးကန့်တပ်မတော် - MNDAA ၊ ဝ'တပ်ဖွဲ့ - UWSA ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ၊ မိုင်းလားအဖွဲ့ ခေါ် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - NDAA စသည့် အဖွဲ့များသည် စစ်အစိုးရ၏ အဆိုပြုသည့် သူတို့တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို ငြင်းဆိုထားကြသည်။
ထိုအဖွဲ့ ၄ ဖွဲ့သည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (MPDF) ဟူသော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ယခုလ ၂၁ ရက်နေ့က ကြေညာခဲ့သည်။ ကိုးကန့်အဖွဲ့သည် ထိုအဖွဲ့များတွင် အင်အား အနည်းဆုံး ဖြစ်သည်။
ဖုန်ကြားရှင်ကို ဖယ်ရှားနိုင်ရေးအတွက် သူ၏ နေအိမ်နှင့် အနီးရှိ ဂိုဒေါင်များအတွင်း မူးယစ်ဆေးဝါးရှိသည်ဟု အကြောင်းပြကာ မြန်မာရဲတပ်ဖွဲ့ဝင် ရ၀ ခန့်က ယခုလ ၈ ရက်နေ့တွင် စတင်၍ စီးနင်းခဲ့ပြီး၊ ၂၃ ရက်နေ့တွင်မူ လက်နက်စက်ရုံရှိသည်ဟု ထပ်မံအကြောင်းပြကာ ဒုတိယအကြိမ် စီးနင်းခဲ့ပြန်သည်။
လားရှိုးမြို့ ရဲတပ်ဖွဲ့က ဖုန်ကြားရှင်နှင့် အခြား ၃ ဦးကို တရားရုံးရှေ့မှောက် လာရောက်ရန် အမိန့်ပေးခဲ့သော်လည်း ဖုန်ကြားရှင်က သွားရောက်ရန် ငြင်းဆန်သည့်အခါ အာဏာပိုင်များက သူနှင့် သူ့ညီ အပါအဝင် အခြား ၃ ဦးကို ဖမ်းဆီးရန် ၂၂ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး နောက်တရက်တွင် လက်နက်စက်ရုံကိစ္စ အကြောင်းပြကာ မြန်မာစစ်တပ်များဖြင့်ပါ စီးနင်းခဲ့ခြင်းဖြစ်သည်။
“ဂိုဒေါင်တွေထဲမှာ လက်နက်စက်ရုံရှိတယ်လို့ သတင်းရထားပြီး မူးယစ်ဆေးဝါးအကြောင်းပြုပြီး ရှာတာပါ။ လာရှာတော့ ဘာမှ တွေ့မသွားဘူး။ နောက် တိုင်းမှူးလာတဲ့အချိန်မှာ သူတို့ဘက်က အဲဒီနေရာတွေတဝိုက်ကို သူတို့လူတွေကပဲ လုံခြံုရေးယူမယ်လို့ တောင်းဆိုတယ်” ဟု ကိုးကန့်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
လောက်ကိုင်မြို့၌ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တခု ဖွင့်လှစ်ထားရှိကာ လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်း ၁ဝ ရင်း ဖွဲ့စည်းထားရှိသည့်အပြင် စစ်ကားအစီးရေ ရ၀ ခန့်ဖြင့် တပ်သားအင်အား ၁၀၀၀ ကျော်ကို ယခုလ ၂၄ ရက်နေ့တွင် ထပ်မံအင်အား ဖြည့်တင်းခဲ့သည်။
ငြိမ်းချမ်းရေးအဖွဲ့များ ထိန်းချုပ်သော ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အဆိုပါတပ်များကို အသွင်ပြောင်းလဲဖွဲ့စည်းနိုင်ရေးသည် စစ်အစိုးရအတွက် အလွန်အရေးပါသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။
''ငြိမ်းချမ်းရေးအဖွဲ့တွေက စစ်အစိုးရရဲ့ အစီအစဉ်ကို ငြင်းရင် ရွေးကောက်ပွဲလုပ်မှာကို တားနိုင်မှာ မဟုတ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လူအများ လက်ခံနိုင်ဘို့ကိစ္စက အတော်ထိခိုက်သွားမှာ'' ဟု သူက ဆိုသည်။
(တရုတ်နယ်စပ်အခြေစိုက် မဇ္စျိမသတင်းထောက် မျိုးကြီးမှ အချက်အလက်အချို့ ပေးပို့သည်။)