ဥက္ကဌဖုန်ကြားရှင်း နှင့်အဖွဲ့သတ်မှတ်ထားသည့် နယ်မြေအတွင်း စစ်အစိုးရတပ်ကျူးကျော်ဝင်ရောက်သွားသဖြင့် ဆီးကြို တိုက်ခိုက်ခြင်းခံရပြီး နအဖ သုံးယောက်ထက်မနည်းသေကြေကြောင်း၊ တိုက်ပွဲမှထွက်ပြေးသော နအဖ စစ်သားအချို့ တရုပ် ပြည်ထဲ လမ်းမှားကျွံဝင်သွားသည့်အတွက် တရုပ်တို့လက်နက်ဖြုတ် ထိမ်းသိမ်းထားကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက် က ပြောပါသည်။
“ဒီနေ့မနက် ရ နာရီမှာ တိုက်ပွဲစဖြစ်တယ်၊ ဗမာရဲနဲ့စစ်သား ၃ ယောက်သေတယ်။ တရုပ်နယ်ထဲ ကျွံဝင်သွားတဲ့ ဗမာစစ် သား ၁၀ ကျော် လဲ တရုပ်တပ်မတော်က လက်နက်ဖြုတ်လိုက်တယ်။”- ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦးက ပြော၏။
သြဂတ်စ် ၂၄ ရက် ညက ဥက္ကဌဖုန်ကြားရှင်း ဦးဆောင်သော တပ်ဖွဲ့သည် လောက်ကိုင်အရှေ့မြောက်ဘက် ကားလမ်းပေါ်ရှိ ကုန်းဆာရွာအရှေ့ တောင်ဘက် (လောက်ကိုင်မှ မိနစ် ၃၀ ခြေလျင်ခရီး ) သို့ နှစ်ဆင့် တပ်ဆုတ်ခဲ့ရကြောင်း၊ ထိုဂွင်အတွင်း စစ်အစိုးရတပ် ထပ်မံကျူး ကျော်လာပါက မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် အချိန်မရွေး ချက်ချင်း ပစ်ခတ်ရန် ဖုန်ကြားရှင်းမှ အမိန့်ထုတ်ထားကြောင်း၊ ယနေ့မနက် စစ်အစိုးရတပ် ကျူးကျော်လာ သောကြောင့် အရင်ဦးဆုံး ခုခံတိုက်ခိုက်ရခြင်း ဖြစ် ကြောင်း - ပန်ဆန်းကုန်သည် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ - ဖုန်ကြားရှင်းတပ်ဖွဲ့သည် လောက်ကိုင်နှင့် သိပ်မဝေးသည့် နအဖ တပ်များ တပ်ချထားသော ယန်လုံကိုင်းရှိ လက်နက်ပြင် စက်ရုံအားလည်း သွားရောက် ၀ိုင်းပိတ် တိုက်ခိုက်ခဲ့သေးကြောင်း၊ စစ်အစိုးရ တပ် ဖွဲ့ဝင် ဆယ်နှင့်ချီအား လက်နက်ဖြုတ်ပစ်ကြောင်း သိရှိရပါသည်။
“နယ်စပ်တလျှောက်ပြည်သူတွေကတော့ အရမ်းစိုးရိမ်လန့်ဖျပ်နေတယ်။ ဒီနေ့မနက် သေနတ်သံကြားရတော့ ပိုဆိုးတာ ပေါ့၊ တရုတ်နယ်ထဲထပ်ဝင်တဲ့ ဒုက္ခသည်တွေအများကြီး။ ဒါပေမဲ့ဗမာမှတ်ပုံတင်ကိုင် တခြားဒေသကလူတွေတော့ တရုပ်ဘက် က လက်မခံဘူး၊ သူတို့အဓိက နယ်စပ်ဖြတ်ကျော်ခွင့်ပြုတာက ကိုးကန့်ဒေသခံတွေဘဲ၊ စောင်တွေဖျာတွေ ဝေပေးတယ်။ နယ်စပ်တလျှောက် နေရာယူထားတဲ့ တရုပ်စစ်သားတွေလဲ ရာနဲ့ချီဘဲ” - ဟုဒေသခံ နောက်တဦးကဆို၏။
ဖုန်ကြားရှင်းတို့ထံ အာဏာသိမ်းယူခဲ့သည့် ပိုင်ဆုံချိန်က နအဖ တပ်၏ဖိအားပေး စီစဉ်မှုဖြင့် ဥက္ကဌတာဝန်ယူမည့် ဗဟိုကော် မတီ ၁၁ ဦး ပါ ကိုးကန့်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေငြာသော်လည်း ကိုးကန့်တပ်ဖွဲ့ဥက္ကဌ ဖုန်ကြားရှင်းက ပိုင်ဆုံချိန်တို့ ကိုးကန့်တပ်ပြန်လည်ဖွဲ့စည်းခြင်းအပေါ် တရားမဝင်ကြောင်းနှင့် နအဖ က ကိုးကန့်အချင်းချင်းကြားရန် တိုက်ပေးနေ ကြောင်း ဖုန်ကြားရှင်တို့အဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
သြဂတ်စ် ၂၄ ရက်ည ဖုန်ကြားရှင်း နှင့်တပ်ဖွဲ့ လောက်ကိုင်မြို့ပြင်တောတောင်တဝိုက် ဆီတိမ်းရှောင်သွားပြီးနောက်ပိုင်း အခုဖြစ်ပွား သည့် တိုက်ပွဲသည် ပထမဦးဆုံးဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
PDF မဟာမိတပ်ဦး အဖွဲ့ဝင် ကိုးကန့်၊ မိုင်းလား၊ ၀ နှင့် NDA -K တို့သည် နအဖ တပ် နှင့် ဘယ်ဒေသတွင်မဆို သေနတ် သံထွက်/တိုက်ပွဲဖြစ်ဖြစ် လက်ပိုက်ကြည့်မနေဘဲ ရှိသည့်နေရာ၌ ရန်သူအား ပစ်ခတ် တိုက်ပွဲဝင်သွားမည်ဟု သဘောတူထား ကြပါသည်။