ချင်းမိုင်။ ။ ငွေစက္ကူ အဟောင်းများကို ရန်ကုန်မြို့တွင် ယခုလဆန်းမှ စတင်၍ လဲလှယ်ပေးရာ ရက်သတ္တတပတ်လျှင် ၂ ရက်မှနေ၍ ယခုအခါ ၃ ရက်သို့ တိုးမြှင့်ပေးလိုက်ပြီ ဖြစ်သည်။
ယခုလ ၃ ရက်နေ့မှ စတင်၍ ဟောင်းနွမ်းနေသည့် မြန်မာငွေစက္ကူများအား အပတ်စဉ် တနင်္လာနှင့် သောကြာနေ့များတွင် လဲလှယ်ပေးနေပြီး ယခင် တပတ်မှ စတင်ကာ ဗုဒ္ဓဟူးနေ့ တရက်ပါ ထပ်တိုး၍ လဲလှယ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
“ဘာကြောင့်တိုးပေးတာတော့ ကျမ မပြောတော့ဘူးလေ။ ဗဟိုဘဏ်ကနေ သတ်မှတ်ပေးတာ ၃ ရက်ပေါ့နော်။ ငွေရှိတဲ့ အပေါ်မှာပေါ့၊ လာလဲတဲ့လူအပေါ်မှာ မူတည်ပြီးတော့ တတ်နိုင်သလောက် လဲပေးလိုက်တာပါ” ဟု လသာမြို့နယ်ရှိ အစိုးရဘဏ်ခွဲ (၆) မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ယင်းငွေစက္ကူများကို သြဂုတ်လမှ စတင်ကာ ၆ လတိတိတိုင် သတ်မှတ်ထားသည့် ၃ ရက်တွင် ရန်ကုန်တိုင်းအတွင်းရှိ အစိုးရ စီးပွားရေးဘဏ်ခွဲများ၌ လဲလှယ်ပေးသွားမည်ဖြစ်ပြီး၊ လူဦးရေ၊ လဲလှယ်လိုသည့် ကျပ်ငွေ အရေအတွက်နှင့် တန်ဖိုး သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းရှိ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူက “ကိုယ့်မှာရှိသလောက် ငွေလဲလို့ ရပါတယ်။ မသမာတဲ့နည်းနဲ့ လဲဖို့၊ သိမ်းဖို့ အဲဒါမျိုးဆိုရင် လဲမပေးပါဘူး။ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ သက်မှတ်ထားတဲ့ ဘဏ်တွေအားလုံးမှာ လဲပေးပါတယ်။ တကယ်သုံးဖို့လာလို့ လဲတာဆိုရင် အရွက်ရေ သတ်မှတ်ထားတာ မရှိပါဘူး။ လဲပေးပါတယ်” ဟု ပြောသည်။
ယခုလို လဲလှယ်ပေးနေသော်လည်း လာရောက်၍ ငွေလဲသည့်သူ နည်းပါးကြောင်းနှင့် ငွေပမာဏအားဖြင့် မည်ရွေ့မည်မျှ လဲပေးမည်ကို မိမိအနေနှင့် တရားဝင် ပြောပိုင်ခွင့််မရှိကြောင်း လသာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၆) မှ တာဝန်ရှိသူက ဆိုသည်။
ယခုကဲ့သို့ ငွေစက္ကူများ လဲလှယ်ပေးနေခြင်းကို ရန်ကုန်တိုင်းအတွင်း၌သာ ပြုလုပ်ပေးခြင်းဖြစ်ပြီး၊ မြို့တော်သစ် နေပြည်တော်၊ မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့နှင့် အခြားမြို့များတွင် လဲလှယ်ပေးမည်၊ မပေးမည်ကို ၎င်းတို့အနေနှင့် ပြောဆိုပိုင်ခွင့် မရှိကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံရှိ နေရာဒေသအသီးသီးရှိ ကုန်စုံဆိုင်နှင့် စျေးဆိုင်များတွင် ငွေစက္ကူ အနုတ်အချို့ ပြန်အမ်းရန် အခက်အခဲများ ရှိသဖြင့် ဆပ်ပြာမှုန့်ထုပ်၊ သကြားလုံး၊ အချို့မှုန့်ထုပ်၊ ဘောပင်၊ ဆေးလိပ်တို့ဖြင့် ပြန်အမ်းသည့်ပုံစံများကို နားလည်မှုစနစ်ဖြင့် လူအများက အသုံးပြုနေကြသည်။