ငြိမ်းအဖွဲ့များ စစ်ရေးအရ ခြိမ်းခြောက်ခံရ

ငြိမ်းအဖွဲ့များ စစ်ရေးအရ ခြိမ်းခြောက်ခံရ
by -
မျိုးကြီး
စစ်အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဟန်ပြလုပ်လျက် ငြိမ်းချမ်းရေး အဖွဲ့များကို စစ်ရေးအရ ခြိမ်းခြောက်လာနေကြောင်း လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ ၄ ဖွဲ့၏ ပူးပေါင်းအဖွဲ့က ပြောဆို ...

ရွှေလီ (မဇ္စျိမ) ။     ။ စစ်အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဟန်ပြလုပ်လျက် ငြိမ်းချမ်းရေး အဖွဲ့များကို စစ်ရေးအရ ခြိမ်းခြောက်လာနေကြောင်း လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ ၄ ဖွဲ့၏ ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ခြင်းကို ထောက်ခံသော်လည်း မူးယစ်ဆေးဝါးကိစ္စ အမည်ခံ၍ လက်နက်အားကိုးဖြင့် လူမျိုးစုငယ်များနှင့် ငြိမ်းချမ်းရေး အဖွဲ့များအပေါ် ဖိနှိပ်ခြင်းကို ရှုတ်ချသည်ဟု သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရက်တစ်တပ်ဦး - PDF (Peace and Democracy Front)  ၏ ကြေညာချက်တွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

ကြေညာချက်တွင် အချက် ၆ ချက် ဖော်ပြထားပြီး   ကိုးကန့်အဖွဲ့၏ ရပ်တည်မှုနှင့် လုပ်ဆောင်ချက်ကို ထောက်ခံသည်ဟု ဆိုထားသည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသော ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ကိုးကန့်အဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) - NDAK တို့က မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရက်တစ်တပ်ဦးဟု ပူးပေါင်းမဟာမိတ် ဖွဲ့ထားသည်။

ယခုလ ၈ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရဲအဖွဲ့ ပူးပေါင်း၍ ရှမ်းပြည် (မြောက်ပိုင်း) ရှိ ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်ကျားရှင် နေအိမ်အား ဝင်ရောက်စီးနင်း၍ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။ စစ်အစိုးရက မူးယစ်ဆေးဝါး ရှာဖွေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးအဖွဲ့များက လက်နက်စက်ရုံများ လက်ဝယ်ထားရှိခြင်းမှာ ဟောင်းနွမ်းဆွေးမြေ့နေသည့် လက်နက်များကို ပြင်ဆင်ရန်အတွက် တရားနည်းလမ်းကျသော ဆောင်ရွက်ချက်ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ထို့အပြင် ပြည်သူများ၏ ဆန္ဒနှင့် ရွေးချယ်တင်မြောက်သည့် အစိုးရမပေါ်မချင်း လက်ရှိစစ်အစိုးရ၏ ဦးဆောင်မှုကို ထောက်ခံကြောင်းနှင့် ပြည်သူများ၏ ဆန္ဒဖြင့် ရွေးချယ်တင်မြောက်သည့် အစိုးရပေါ်ပေါက်လာလျှင်လည်း ထိုအစိုးရကို ထောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

၎င်းအပြင် အမျိုးသားတန်းတူရေး အပြန်အလှန်လေးစားရေးကို အရင်းတည်၍ ကျန်ရှိနေသည့် ပြဿနာများနှင့် ကွဲလွဲချက်များကို ဖြေရှင်းရန် နိုင်ငံတော်၏ တည်ငြိမ်ဖွံ့ဖြိုးရေးကို အတူတကွ လုပ်ဆောင်သွားရန်လည်း နအဖ စစ်အစိုးရကို တိုက်တွန်းထားသည်။

၁၉၈၉ ခုနှစ် ဗကပ လက်အောက်မှ ခွဲထွက်ခဲ့စဉ်က အဆိုပါ အဖွဲ့ ၄ ဖွဲ့သည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်တပ်ဦး (PDF) အဖြစ် မဟာမိတ်ပြုထားသော်လည်း မကြာသေးခင်က ၎င်းအဖွဲ့ထဲမှ ဦးစခုန်တိန်ယိင်း ဦးဆောင်သည့် ဒီမိုကရေစီသစ်တပ်မတော် (ကချင်) NDAK အဖွဲ့သည် နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအဆိုကို လက်ခံခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ဗကပ လက်အောက်မှခွဲထွက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအဆိုကို လက်မခံဘဲ ကျန်ရှိသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ ကိုးကန့်အဖွဲ့၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့နှင့် သီးခြား မဟာမိတ်ပြုမှု ရှိထားသည်။

Most read this week