ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၇ ခု စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင်း လိုင်းကားခများ စျေးတက်သဖြင့် လမ်းလျှောက် သဖြင့် ထောင်ကျခဲ့သူNLD အဖွဲ့ဝင် ၃ ဦး ယနေ့ လွှတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက် လာကြသည်။
ရန်ကုန်တိုင်း ဒဂုံတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးအမျိုးသမီး တာဝန်ခံ ဒေါ်ခင်အေး (၆၅ နှစ်) မကွေးတိုင်း သရက်ထောင်မှ ယနေ့ လွတ်မြောက်လာသည်။
“၂ နှစ်ခွဲချခံရတာကနေ မနက်ဖြန်ဆို ၂ နှစ်ပြည့်ပြီ။ အယူခံ ၆ လရတယ်။ အန်တီက လွတ်ရက် အပြည့် လွတ်လာတာ” ဟု ဒေါ်ခင်အေးက မဇ္ဈိမကို ပြောသည်။
သူ၏ အမှုတွဲများဖြစ်သည့် ဦးစိုးကြွယ် (၆၈)နှစ် သည် ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ဒေါ်မြင့်သိန်းသည် မန္တလေးတိုင်း မြင်းခြံထောင်တို့မှ ယနေ့ အသီးသီး လွတ်မြောက်လာပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
“အဖေက မရောက်သေးဘူး။ ဒီည ရ နာရီ သွားကြိုမယ်။ ဒီနေ့အရောက် ပြန်လာမယ်ပြောတယ်။ အဖေအတွက် ဝမ်းသာတယ်။ ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျမ စိတ်မချမ်းသာ နိုင်ပါဘူး”ဟု ဦးစိုးကြွယ်၏ သမီးဖြစ်သူ မငယ်က မဇ္ဈိမကို ပြောသည်။
သူတို့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒဂုံတောင်မြို့နယ်မှ ဗဟန်းမြို့နယ် NLD ရုံးသို့ ကားခစျေးကြီးသဖြင့် လမ်းလျှောက်ခဲ့ရာ လမ်းတွင် စွမ်းအားရှင် အယောက် ၃ဝ ခန့်က ရိုက်နှက်ပြီး ကျိုက္ကဆံကွင်းသို့ ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် တရားမဝင် လူစုလူဝေးမှု ပုဒ်မ ၁၄၃၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုအား ပျက်ပြားစေရန် လှု့ံဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲဆီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သရက်အကျဉ်းထောင်တွင် ဒေါ်ခင်အေးနှင့်အတူ ၈၈ ကျောင်းသူ မနီလာသိန်းနှင့် မနီမွန်လှိုင်တို့လည်း ရှိနေကြောင်း သိရသည်။
မနီလာသိန်းသည် ရင်ဘတ်အောင့်နေသဖြင့် နှလုံး တိုင်းရင်းဆေး သောက်သုံးနေပြီး မနီမွန်လှိုင်သည် မကြာခဏ သွေးပေါင်ချိန်ကျလျက် ရှိတဖြင့် တပတ်တကြိမ် ဆရာဝန်က လာရောက် ကုသပေးသည် သိရသည်။
ယခုကဲ့သို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူများ ရှိသကဲ့သို့ ထောင်ဒဏ်ချမှတ်နေမှုများလည်း ရှိသည်။
၂၀၀၇ ခုနှစ်က ကုန်စျေးနှုန်း ကျဆင်းရေး ဆန္ဒပြတောင်းဆိုခဲ့သည့် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးခင်မောင်ချို ခေါ် ဖိုးတုတ်အား ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၈ နှစ် ထပ်လောင်း ချမှတ်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
“သူ့ကို အရင် ကြည့်မြင်တိုင်တရားရုံးကနေ ပုဒ်မ ၄ ခုနဲ့ ၁၉ နှစ်ချတယ်။ ရန်ကင်းတရားရုံးက ၁၃(၁)ပုဒ်မနဲ့ ၅ နှစ်ချတယ်။ အခုတတိယ အကြိမ်ထပ်ချတာက ၁၇(၁)နဲ့ ၃ နှစ်နဲ့ ၁၇(၂)နဲ့ ၅ နှစ် ၈ နှစ် ထပ်ချလိုက်တယ်။ အားလုံးပေါင်း ၃၂ နှစ် ချခံရမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းက အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၂၀ ကျော်အား လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း မရှိကြောင်း သိရသည်။