ဒါကာ (မဇ္ဈိမ)။ ။ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် A (H1N1) တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၉၀ နီးပါး တွေ့ရှိထားသဖြင့် အစောင့်အကြပ် မရှိသော နှစ်နိုင်ငံနယ်စပ်မှတဆင့် ဝင်ရောက်လာမည်ကို ရခိုင်ပြည်နယ် နယ်စပ်နေ ဒေသခံများ စိုးရိမ်နေသည်။
ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့မှစတင်၍ ယခုထိ A (H1N1) ခေါ် ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံရသူ ၈၇ ဦး ရှိပြီဖြစ်ကြောင်း ဘင်္ဂလား သတင်းစာများတွင် ဖော်ပြပါရှိနေပြီး၊ နှစ်နိုင်ငံ နယ်စပ်လမ်းများတွင် စောင့်ကြည့်စစ်ဆေးမှု မရှိသဖြင့် ဒေသခံများအဖို့ စိုးရိမ်နေကြရခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရောဂါကူးစက်သူက တရက်ထက် တရက် တိုးလာနေတယ်။ ကျနော်တို့နဲ့ ဘင်္ဂလားနဲ့ဆိုတာ နီးနီးလေးပဲ၊ အချိန်မရွေး ပြန့်ပွားလာနိုင်တယ်။ နောက်ပြီးတော့ ကျနော်တို့ဆီမှာက ကျန်းမာရေး စောင့်ရှောက်မှုက ကောင်းတာမဟုတ်ဘူး။ ဖြစ်လာရင် သေဖို့သာ ရှိတယ်” ဟု မောင်တောမြို့ မြို့မရပ်ကွက်မှ မူဟာမက် ကာမာဟူဆင် (MD. Kamal Hossion) က မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် A (H1N1) ဟု သံသယရှိသူများ တွေ့ရှိသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရှိ ပလက်ဝမြို့တွင် အသွားအလာများ စစ်တပ်က ပိတ်ပစ်ခဲ့သော်လည်း ဘင်္ဂလား-မြန်မာနယ်စပ်တွင်မူ စစ်ဆေးစောင့်ကြည့်မှု မရှိသေးကြောင်း မောင်တောမြို့ လိပ်ရရွာသား ကိိုစိုးနိုင်က ပြောသည်။
“ဒီနယ်စပ် တခြားနယ်စပ်လို ကုန်းမြေက နည်းတယ်ဆိုတော့ နတ်မြစ်ကို တရားမဝင်နည်းနဲ့ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လူတွေက တရက်တရက်ကို ၄-၅ဝဝ လောက်ရှိမယ် ထင်တယ်။ ဘယ် နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးအဖွဲ့) စခန်းကမှလည်း စစ်ဆေးတာ မရှိဘူး။ ရောဂါပိုးပါလာတဲ့ လူဝင်လာရင်လည်း သိနိုင်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် ဇွန်လ ၂၆ ရက်နေ့မှစပြီး ယနေ့အထိ A (H1N1) ကူးစက်ခံရသူ ၂၄ ဦးရှိနေပြီး ၎င်းတို့ကို လေဆိပ်တွင် စစ်ဆေးသော်လည်း ချက်ချင်း မတွေ့ရဘဲ နေအိမ်များရောက်ပြီး နောက်ပိုင်းမှသာ သိရှိခဲ့ရသည်။
ဘင်္ဂလား-မြန်မာနယ်စပ်တွင်မူ ရေလမ်းကို အဓိကထား ကူးလူးသွားလာနေသလို၊ နယ်စပ်နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ထွက်သွားလာသူ ဆယ်ဂဏန်းမျှသာရှိပြီး၊ တရားမဝင် လမ်းများမှ နေ့စဉ် ရာဂဏန်းမျှ သွားလာနေကြောင်းနှင့် စစ်ဆေးစောင့်ကြပ်မှု မရှိခြင်းသည် စိုးရိမ်စရာဖြစ်ကြောင်း နယ်စပ်မြို့ မောင်တော ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။
သူက ဆက်ပြီး “ကျနော်တို့ဆီမှာတော့ A (H1N1) ပိုး ကူးစက်ခံရသူ မရှိသေးပါဘူး။ မတွေ့လည်း မတွေ့ရသေးဘူး။ လိုအပ်လာမယ်ဆိုရင်တော့ အာဏာပိုင်တွေကလည်း စောင့်ကြည့်လေ့လာမှုတွေ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။ အခုအချိန်အထိတော့ မလုပ်သေးဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် A (H1N1) ကာကွယ်ရေးအတွက် ခရိုင်အဆင့်တွင် RRT ခေါ် (လျှပ်တပြက်တု့ံပြန်) အဖွဲ့များ ဖွဲစည်းထားပြီဟု စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသော်လည်း RRT ကို မြို့တော် စစ်တွေတွင်သာ ဖွဲ့စည်းနိုင်သေးပြီး မောင်တောတွင် မဖွဲ့ရသေးကြောင်း ယခု ဆရာဝန်ကပဲ ပြောဆိုသည်။
ဘင်္ဂလား-မြန်မာနယ်စပ်တွင် မိုင် ၃၀ ကျော်ရှည်လျားသော နတ်မြစ်ကိုဖြတ်ကာ နှစ်နိုင်ငံပြည်သူများ သွားလာနေကြခြင်း ဖြစ်သည်။
မြန်မာ့အိမ်နီးချင်း ထိုင်းတွင် A (H1N1) ကူးစက်ခံရသူ ၂၃၀၀ ခန့်၊ တရုတ်တွင် ၂၀၀၀ ကျော်၊ အိန္ဒိယတွင် ၉၀၀ ခန့် ရှိကြောင်းနှင့် ကမ္ဘာ့လူဦးရေ ၁ သိန်း ရ ထောင်ခန့် ကူးစက်ခံကြရသည်။