မြစ်ကြီးနားမြို့၌ ဗီဒီယိုရုံများနှင့် ညပိုင်းစားသောက်ဆိုင်များ ပိတ်ခိုင်းထား

မြစ်ကြီးနားမြို့၌ ဗီဒီယိုရုံများနှင့် ညပိုင်းစားသောက်ဆိုင်များ ပိတ်ခိုင်းထား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်လာမည်စိုး၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘော့လုံးပွဲပြသည့် ဗီဒီယိုရုံများနှင့် ညပိုင်းဖွင့််သည့် စားသောက်ဆိုင်များကို ရပ်ကွက်အာဏာပိုင်များက တရားဝင် စာထုတ်ပြန်ခြင်းမရှိ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်လာမည်စိုး၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘော့လုံးပွဲပြသည့် ဗီဒီယိုရုံများနှင့် ညပိုင်းဖွင့််သည့် စားသောက်ဆိုင်များကို ရပ်ကွက်အာဏာပိုင်များက တရားဝင် စာထုတ်ပြန်ခြင်းမရှိဘဲ ပိတ်ခိုင်းထားသည်။

“နုတ်မိန့်နဲ့ အမိန့်ထုတ်ထားတာ။ တရားဝင် စာထုတ်ပြန်တာတော့မရှိဘူး။ ပြီးခဲ့တဲ့အပတ် အာဆင်နယ် နဲ့ အဲဗာတန်ပွဲပြီးတော့ တနာရီ(၁၅)ပွဲ မပြတော့ဘူး။ မေးကြည့်တော့ ဗီဒီယိုအစည်းရုံးက ခေါ်ပြီး ပိတ် ထားခိုင်းတာတဲ့။ ညအလင်းဆိုင်တွေလည်း ဒီလိုဘဲ ပိတ်ထားခိုင်းတယ်။ အစိုးရဆန့်ကျင်ရေး လှုံ့ဆော် စာကပ်တဲ့သူတွေနဲ့ အခုလို သွားလာတဲ့ သူတွေ ရောထွေးတာမဖြစ်အောင် ပိတ်တာလို့ အာဏာပိုင် တွေဆီက ပြန်ကြားရတယ်။” ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် အစိုးရဆန့်ကျင်ရေးစာများကပ်ခြင်း၊ နံရံတွင် မှုတ်ဆေးဖြင့် ရေးခြင်း စသည့် လှုပ်ရှားမှုများ မကြာခဏပေါ်ပေါက်နေပြီး ယခုအခါ မြန်မာပြည်တွင်းရှိ နေရာအချို့၌ နိုင်ငံရေး လှုပ်ရှားမှုများ ရှိလာနေချိန်တွင် ယခုလို ပိတ်ပင်မှုများရှိလာခြင်း ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“အရင်က နိုင်ငံရေးလှုပ်ရှားမှု ရုတ်ရုတ်ဖြစ်ရင် ဒီလိုဘဲ ပိတ်ခိုင်းနေတယ်။ နောက်ပိုင်းကျတော့ ပြန်ဖွင့် နေ တာဘဲ။ ပိတ်လိုက်၊ ဖွင့်လိုက်ဘဲ။ အခုတခါ ပြန်ပိတ် ခိုင်းတာ။”

မြို့ပေါ်လုံခြံုရေး အခြေအနေနှင့်ပတ်သက်၍ ရပ်ကွက်အာဏာပိုင်များ၊ မီးသတ်နှင့် ရဲများက ညပိုင်းတွင် ကင်း လှည့်မှုမျိုး လုပ်နေပြီး အင်တာနက်ကဖေးဆိုင်များ၌လည်း အာဏာပိုင်များက အရပ်ဝတ်ဖြင့် စောင့်ကြည့်မှုများ ရှိနေသည်။

Most read this week