ကချင်စကားပြော ဇာတ်ကား ရန်ကုန်တွင် ပြသမည်

ကချင်စကားပြော ဇာတ်ကား ရန်ကုန်တွင် ပြသမည်
'အမြဲစိမ်းတောမှာ အချစ်ရှာသူ' အမည်ရှိ မြန်မာစာတန်းထိုး ကချင်စကားပြော ဇာတ်ကားကို ရန်ကုန်မြို့၌ မနက်ဖြန်တွင် ရုံတင်ပြသမည်ဟု သိရသည်။ ...

နယူးဒေလီ။         ။ 'အမြဲစိမ်းတောမှာ အချစ်ရှာသူ' အမည်ရှိ မြန်မာစာတန်းထိုး ကချင်စကားပြော ဇာတ်ကားကို ရန်ကုန်မြို့၌ မနက်ဖြန်တွင် ရုံတင်ပြသမည်ဟု သိရသည်။

မြန်မာစာတန်းထိုး ကချင်ဇာတ်ကားကို ရန်ကုန်တွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်ပြီး၊ စမ်းချောင်းမြို့နယ်ရှိ ရွှေမန်းရုပ်ရှင်ရုံ၌ မနက်ဖြန်မှ စတင်ကာ ရက်သတ္တပတ်ကြာ ရုံတင်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ဒါက ရန်ကုန်မြို့မှာ ပထမဦးဆုံး ရုံတင်ခြင်းဖြစ်သလို ရွှေမန်း (ရုပ်ရှင်ရုံ) အတွက်လည်း ပထမဆုံးအကြိမ်ပါ။ ကချင်ဆိုတာလည်း တိုင်းရင်းသားတခုပါပဲ။ မြန်မာပြည်ထဲက အကုန်လုံး ကိုယ့်တိုင်းရင်းသား အတူတူပဲဆိုတော့ အားပေးတဲ့အနေနဲ့ တင်ပေးတာပါ” ဟု ရွှေမန်းရုပ်ရှင်ရုံမှ မန်နေဂျာ မစန္ဒာက မဇ္စျိမကို ပြောသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် လူငယ်များ၏ အချစ်ဇာတ်လမ်းကို အခြေတည်၍ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့စရိုက်များကို အဓိက ဦးစားပေးကာ ရိုက်ကူးထားခြင်း ဖြစ်သည်။

ဤဇာတ်ကားကို ထုတ်လုပ်သူလည်းဖြစ်သည့် ဒါရိုက်တာ ဂျီဇုံးကီက ရိုက်ကူးပြီး၊ မင်းသား နော်မိုင်၊ မုန်ဆန်နှင့် မင်းသမီး ဆိုင်းဂျာ၊ ဂျာဘောက်၊ ခေါန်လုံတို့က ပါ၀င်သရုပ်ဆောင်ထားသည်။ ကြည့်မြင်တိုင်ရှိ CMP (Char Multi-Media Production) တွင် တည်းဖြတ်ပြီး၊ Studio-D တွင် အသံဖမ်းယူသည်။

CMP မှ တာဝန်ရှိသူတဦးက “ဒီကားမှာ ရေခဲတောင် ရှုခင်းတွေ ရိုက်ပြထားတယ်။ အခုလို တိုင်းရင်းသားတွေရဲ့ ဇာတ်ကားတွေ ဗီဒီယို၊ ရုပ်ရှင်လောကကို ၀င်ရောက်လာတာ ကောင်းတဲ့ လက္ခဏာပါ” ဟု ပြောသည်။

ပရိသတ်အားပေးမှုနှင့် ပတ်သက်၍ မစန္ဒာက “ဒါက ပထမဦးဆုံးရုံတင်တယ်ဆိုတော့ ပရိသတ်အားပေးမှုက ပြောလို့တော့ မရသေးပါဘူး။ သူတို့က ကချင်ဇာတ်ကားဆိုပေမယ့် ကိုရီးယားကားနဲ့ တူတယ်လေ။ အထိုက်အလျောက်တော့ အောင်မြင်မယ် ထင်ပါတယ်” ဟု ပြောသည်။

အလားတူ ဒါရိုက်တာ အောင်ကိုလတ်ကလည်း ကယားပြည်နယ်ရှိ ပဒေါင်လူမျိုးများအကြောင်း မကြာသေးခင်က ရိုက်ကူးခဲ့သေးသည်။

“ပြီးတော့မှာပါ။ အခု ကျနော်တို့ နောက်ခံတေးဂီတ တီးပြီး အသံသွင်းနေပါတယ်” ဟု ဒါရိုက်တာ အောင်ကိုလတ်က မဇ္စျိမကို ပြောသည်။

Most read this week