ချင်းမိုင် ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယခုလ ၁၅ ရက်နေ့မှ စတင်ခဲ့သော အန်အယ်ဒီ ပါတီဝင်များ၏ အဖြူရောင် ကင်ပိန်းသည် ယနေ့တွင် အပြီးသတ်လိုက်ပြီ ဖြစ်သည်။
၅ ရက်ကြာ ပြုလုပ်ခဲ့သည့် ကင်ပိန်းလှုပ်ရှားမှုအား ယနေ့တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ပဲခူး၊ တွံတေး၊ ရေနံချောင်း၊ မန္တလေးနှင့် မြင်းခြံမြို့နယ်များမှ ပါတီခေါင်းဆောင်များက ပြောဆိုကြခြင်း ဖြစ်သည်။
“အဖြူရောင် ကင်ပိန်းက ၅ ရက်လေ။ ဒီနေ့ နောက်ဆုံးဆိုတော့ ဘုရားကိုးဆူပြည့်အောင် ဝတ်ပြု ဆုတောင်းခဲ့ပါတယ်” ဟု ပဲခူးတိုင်း ပဲခူးမြို့နယ် အန်အယ်ဒီမှ အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဒေါ်ခင်ညွန့်မူက မဇ္စျိမကို ပြောသည်။
ဒေါ်ခင်ညွန့်မူအပါအဝင် ပဲခူးမြို့နယ် အန်အယ်ဒီအဖွဲ့ဝင် ရ ဦးက အဖြူရောင် အမှတ်သင်္ကေတများ ဝတ်ဆင်ကာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပဲခူးဘုရားများသို့ ဆိုင်ကယ်များဖြင့် သွားရောက်၍ ဝတ်ပြု ဆုတောင်းခဲ့ကြသည်။
၎င်းတို့က ပဲခူးအရှေ့ပိုင်းရှိ စိန်သာလျောင်း၊ ရွှေမော်တော၊ ဟင်္သာကုန်း၊ ရွှေအောင်ရွေး၊ အနောက်ပိုင်းရှိ ကျိုက်ပွန်၊ မဟာစေတီ၊ လေးမျက်နှာ၊ ရွှေသာလျောင်း၊ မြသာလျောင်း စသည့် ဘုရားကိုးဆူတွင် မောရသုတ်၊ မေတ္တာသုတ်၊ ပဋ္ဌာန်းများ ရွတ်ဆိုကာ ဝတ်ပြုဆုတောင်းခဲ့ကြခြင်း ဖြစ်သည်။
ဒေါ်ခင်ညွန့်မူက “အမတို့ ဘုရားပန်းတွေ ကပ်လှူပြီးတော့ ပရိတ်ရွတ်ဆိုကြတာပါပဲ။ အဖြူရောင် အသုံးပြုခြင်းက ငြိမ်းချမ်းတဲ့ သင်္ကေတလည်း ဖြစ်တယ်။ အမတို့လိုချင်တာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုတဲ့ ကင်ပိန်းပဲ ဖြစ်ပါတယ်။ အမကတော့ အပေါ်ရော၊ အောက်ရော ပန်းကအစ ခေါင်းကနေ ခြေထောက်၊ ဖိနပ်အထိ အဖြူရောင်ကို အသုံးပြုထားပါတယ်။ ကျန်တဲ့ လူတွေကတော့ အပေါ်ပိုင်း အင်္ကျီအဖြူ ဝတ်တာများတယ်” ဟု ပြောသည်။
ဆိုင်ကယ် ၃ စီးဖြင့် သွားလာခဲ့သည့် ပါတီဝင်များနောက်သို့ စစ်ဘက်ဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့ (စရဖ)၊ အထူးရဲသတင်းတပ်ဖွဲ့နှင့် ရဲများသည် ဆိုင်ကယ်များဖြင့်ပင် နောက်မှ လိုက်ပါစောင့်ကြည့်မှုများ ရှိခဲ့သည်။
ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင်လည်း အန်အယ်ဒီ ပါတီဝင် ၁၅ ဦးထက်မနည်းသည် ရွှေဆံတော် စေတီမြတ်ကြီးသို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားကိုပတ်ကာ မေတ္တာသုတ်ရွတ်ခြင်း၊ ပဋ္ဌာန်းများ ဖတ်ခြင်းနှင့် စေတီတော်အနီးရှိ ငါးကန်၌ ငါးစာကျွေးခြင်းများကို နေ့လည် ၁၂ နာရီမှ နေ့ခင်း ၂ နာရီခန့်အထိ ပြုလုပ်ခဲ့ကြသည်။
ဘုရားကိုပတ်နေစဉ် တွံတေးရဲစခန်းမှ ဒုတပ်ကြပ် စိုးဝင်းအောင်နှင့် နယ်ထိန်းခေါင်းဆောင် ဝင်းထွဋ္ဋ်ထွဋ္ဋ်ဦး ပါဝင်သည့် ရဲတပ်ဖွဲ့အင်အား ဦးရေ ၂၀ ခန့်က နှောင့်ယှက်ခဲ့ကြောင်း တွံတေးမြို့နယ် အန်အယ်ဒီ တွဲဖက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။
''သတ္တိရှိတဲ့ကောင် လာခဲ့။ အမျိုးသမီးတွေလည်း ဂရုမစိုက်ဘူး၊ လာခဲ့ဆိုပြီး ထိုးမယ်ကျိတ်မယ်ဆိုတဲ့ ပုံစံနဲ့ ရန်စပါတယ်။ ဆူပူမှုဖြစ်အောင်လို့ နှိုးဆော်တာပေါ့ဗျာ။ ကျနော်တို့ ဒေါ်သထွက်ပြီး ရင်ဆိုင်လိုက်ရင် သူတို့က တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဆွဲမယ်ပေါ့။ မြို့နယ်မှူးတို့၊ မယက ဥက္ကဋ္ဌ ဦးအောင်စံသာတို့လည်း ဘုရားပေါ်မှာ ရောက်နေတယ်'' ဟု သူက ပြောသည်။
ထို့နောက် အကျႌဖြူများ ဝတ်ဆင်ထားသည့် ရာချီရှိသော လူထုများ ရှေ့မှောက်တွင် ရဲတပ်ဖွဲ့ဝင်များက သူတို့ ပါတီဝင်များအား ဘုရားပေါ်မှ နှင်ထုတ်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း ရေနံချောင်းမြို့တွင် အဖြူရောင်ကင်ပိန်း လုပ်ဆောင်ခဲ့ကြောင်း မြို့နယ် ပါတီခေါင်းဆောင် တဦးဖြစ်သူ ဒေါ်ခင်စောဌေးက ပြောသည်။
သူက ''အန်တီတို့ အဖြူရောင် ကင်ပိန်းတော့ လုပ်ပါတယ်။ လူအုပ်ကြီး တအုံတမနဲ့တော့ မလုပ်ပါဘူး။ ဘုန်းကြီးကျောင်းတို့၊ ဘုရားတွေကိုတော့ အဖြူရောင်ဝတ်ပြီး သွားကြပါတယ်။ စျေးထဲကတော့ သိသိသာသာပေါ့။ စျေးဆိုတာက အဖြူရောင်ဝတ်ခဲတဲ့ နေရာကိုပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင်လို့ တိုက်ပွဲဝင်တဲ့ သဘောပါပဲ။ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ပိုင်ဆိုင်နိုင်မှ တိုင်းပြည်ရဲ့ လွတ်လပ်ခွင့်က အပြည့်အဝ ဖြစ်မှာကိုး'' ဟု ပြောသည်။
ထို့အပြင် မန္တလေးမြို့တွင်လည်း စပို့ရှပ် အကျႌအဖြူတွင် 'ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသော်ဝ်၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော်ဝ်'ဟူသော စာတန်းထိုးထားသည့် ပါတီလူငယ်များက ဆိုင်ကယ် ၃ စီးဖြင့် လှည့်လည်ခဲ့ကြသည်။
မန္တလေး အန်အယ်ဒီ တိုင်းစည်းရုံးရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကိုကိုကြီးက ''တချို့အိမ်တွေမှာလည်း အဖြူစလေးတွေကို ခြံစည်းရိုးတို့၊ အိမ်ပေါ်တို့မှာ လွှမ်းထားတာကို တွေ့ပါတယ်'' ဟု ပြောသည်။
ယခုလ ၁၁ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်းတရားရုံးက ပြစ်ဒဏ် ချခဲ့ပြီးနောက် အန်အယ်ဒီ ပါတီဝင်များ ဦးဆောင်သည့် အဖြူရောင်ကင်ပိန်းသည် ယခုမြို့နယ်များအပြင် အခြားသော မြို့နယ်ဒေသများတွင်လည်း လုပ်ဆောင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။