ရန်ကုန်နှင့် နေပြည်တော်မှ မြန်မာစစ်အစိုးရတာဝန်ရှိ ကိုယ်စားလှယ် ၂၅ ဦးခန့် ထိုင်းနိုင်ငံ ဆာမုဆာခွန် (မဟာချိုင်) သို့လာရောက်ကာ လူကုန်ကူးမှုနှင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံမှ အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးရန် ကိစ္စများကို ဆွေးနွေးသွားသည်ဟု အလုပ်သမားအခွင့်အရေးဖွဲ့မှ ဝန်ထမ်းတစ်ဦးက ပြောပါသည်။
စစ်အစိုးရ တာဝန်ရှိ ကိုယ်စားလှယ်တို့သည် လွန်ခဲ့အပတ်တွင် မဟာချိုင်မြို့ရှိ အလုပ်သမား အခွင့်အရေးအကျိုးဆောင်ပေး သည့် Labor Rights Promotion Network (LPN) ၏ ဒါရိုက်တာနှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား နိုင်ငံကူးလက်မှတ်ပြုလုပ်ရေးနှင့် စပ်လျဉ်းပြီး အလုပ်သမားတို့၏ရပိုင်ခွင့် အခွင့်အရေးများနှင့် လူကုန်ကူးမှု ပပျောက်ရန်တိုက်ဖျက်ရေး နည်းစနစ်များအကြောင်း ဆွေးနွွေးသွားသည်ဟု သိရပါသည်။
စစ်အစိုးရ တာဝန်ရှိကိုယ်စားလှယ်တို့သည် လူကုန်ကူးမှု ပပျောက်ရန် တိုက်ဖျက်ရေးအတွက် သူတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးသွားသည်ဟု ၄င်းဝန်ထမ်းကပြောပါသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ LPN ၏လုပ်ငန်းအစီစဉ်နှင့် တူညီနေသည့်အတွက် စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၄င်းတို့ လက်ခံလိုက်သည်ဟု LPN ဝန်ထမ်းကပြောပါသည်။
“သူတို့ပြောတာက လူကုန်သည်တွေရဲ့ နာမည်၊ နေရပ်လိပ်စာ အတိအကျကို သိရင် သူတို့ကိုသတင်းပေးပါ၊ သူတို့ တာဝန်ယူပြီး မြန်မာပြည်မှာပဲ ဖမ်းလိုက်မယ်လို့ ပြောတယ်” ဟု ၄င်းက ဆက်ပြောပါသည်။ ၄င်းတို့ နှစ်ဖက်အကြားဆွေးနွေးမှုသည် နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ (၄) နာရီကြာပါသည်။
လူကုန်သည်တို့၏ ဖျားယောင်းလိမ်လည်ပြီး ထိုင်းသူဌေးထံတွင် ရောင်းစားမှုနှင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံမှ လူကုန်သည်တို့၏ လုပ်ရပ်ကြောင့် ထိုင်းနိုင်ငံသို့ဝင်ရောက်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားတို့ သေဘေးအန္တရာယ်နှင့် မကြာခဏ ရင်ဆိုင်တွေ့ကြုံနေရသည့်အတွက် နိုင်ငံကူးလက်မှတ်လုပ်ပေး ရေးအစီအစဉ်ကို မြန်မာစစ်အစိုးရကိုယ်စားလှယ်တို့ လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်ဟု ၄င်းက ပြောပါသည်။
မြန်မာစစ်အစိုးရ ကိုယ်စားလှယ်၏ ပြောဆိုချက်ကို ကိုးကားပြီး LPN ဝန်ထမ်းက “သူတို့ပြောတာက အခုလုပ်မယ့် နိုင်ငံကူးလက်မှတ် သက်တမ်းက ၂ နှစ် ဖြစ်တယ်၊ အဲ နောက်မှ တခါပြန်ပြီး ဆက်မယ်၊ အဲဒါမှ အလုပ်သမားတွေလည်း အေးအေးဆေးဆေး သွားလာလုပ်ကိုင်နိုင်ပြီး အန္တရာယ်လည်း နည်းမယ်၊ လူကုန်သည်တွေရဲ့ အကူအညီကို မလိုတော့တဲ့အတွက် လူကုန်ကူးမှုလဲ ပပျောက်သွားနိုင်တာပေါ့” ဟု ပြောပါသည်။
“ဒီ နိုင်ငံကူးလက်မှတ်လုပ်တဲ ့အစီအစဉ်က သူတို့ရဲ့ ရွေးကောက်ပွဲအတွက် သူတို့ကို မဲပေးဖို့အတွက်လဲ ဖြစ်နိုင်တယ်” ဟု LPN မှဝန်ထမ်းက ၄င်း၏အမြင်ကို ပြောပါသည်။