စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၀၇ မှ ၂၀၀၉ အတွင်း တည်ဆောက်ခဲ့သော ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ခရား၊ ကော့ယက္ခနှင့် သံလယ်စသည့် မွန်ကျေးရွာများတွင် အိမ်များကို အိမ်အခွန်ငွေ တောင်းခံနေကြောင်း သိရသည်။
၄င်းတို့အဖွဲ့မှ သတ်မှတ်ထားသည့် ခုနှစ်အတွင်း ဆောက်လုပ်ထားသော ခရားကျေးရွာများတွင် တစ်အိမ်လျင် ကျပ် ၂ သိန်းခန့်ကို ဘားအံမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနအား ပေးဆောင်ရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရပါသည်။
ဒေသခံအာဏာပိုင်တို့မှ သံလယ်ရွာသားများကို အစည်းဝေးခေါ်ကာ ရွာအတွင်း၌ တည်ဆောက်ထားသော အိမ်အသစ်များကို ကုန်ကျစရိတ်အပေါ်မူတည်၍ ရာခိုင်နှုန်းဖြင့် ငွေကြေးတောင်းခံနေသည်ဟု သံလယ်ရွာသားတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်တွင် သံလယ်ကျေးရွာရှိ အမှတ် (၈) ရပ်ကွက်၌ အိမ်ခြေ ၃၀ ကျော်ခန့် မီးလောင် သွားပြီး ပြန်လည်ဆောက်လုပ်ထားသော အိမ်များမှာ အလူမီနီယမ်၊ သစ်အကောင်းစာများဖြင့် ဆောက်လုပ်ထားသည်။ ၄င်းအတွက်ကြောင့် စည်ပင်သာယာရေးဦးစီးဌာနမှ လာရောက်ခြင်းဖြစ်ကြောင်း အိမ်သစ်ဆောက်လုပ်ထားသည့်အိမ်ရှင်နှင့် နီးစပ်သူက ပြောသည်။
“ရွာထဲမှာ အိမ်အသစ်ဆောက်ထားတယ်ဆိုရင် အိမ်အခွန်ပေးဆောင်ရမယ်လို့ စည်ပင်အဖွဲ့က လာပြောသွားတယ်။ ပြီးတော့ ကျမတို့ကလဲ ဘားအံမြို့မှာ အစည်းဝေးတက်ရတယ်။ သူတို့က ကျမတို့ကို ဆောက်ထားတဲ့အိမ်အပေါ်မူတည်ပြီ (၁၁) သိန်းကနေ (၁၄) သိန်းအထိ တောင်းတယ်။ ဒါပေမယ့် ကျမတို့က လျော့ပေးပါလို့ပြောပြီး ၉ သိန်းအထိ လျှော့ပေးတယ်။ ဒါပေမယ့် လောလောဆယ် လာမတောင်းရသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။
ထိုနည်းအတူ လွန်ခဲ့သော လအနည်းငယ်တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် သမ္မတကျေးရွာတွင်းလည်း ကျေးရွာအတွင်း၌ တည်ဆောက်ထားသော အိမ်အသစ်ကို ဒေသခံအာဏာပိုင်တို့ကလာပြီး ဓာတ်ပုံရိုက် အိမ်အခွန်ဟု ဆိုကာ ၄င်းတို့၏လာတောင်းခံခြင်းကိုကျေးရွာတို့က ပေးဆောင်ခဲ့ရသည်ကို ကြားရပါသည်။