ချင်းမိုင် (မဇ္စျိမ)။ ။ ဆေးတက္ကသိုလ် ဘွဲ့ရသူများကို မွမ်းမံသင်တန်း တလတက်ပြီးနောက် ဆေးကုသခွင့် လက်မှတ် (ဆမ) ထုတ်ပေးမည် ဖြစ်သော်လည်း အလုပ်ရရန် မလွယ်ကူကြောင်း သိရသည်။
ဆေးတက္ကသိုလ် ဘွဲ့ရပြီးသူများကို ယခင်က အစိုးရဝန်ထမ်းအဖြစ် ၃ နှစ် တာဝန်ထမ်းဆောင်မှသာ ဆေးကုသခွင့် လက်မှတ်ပေးခဲ့ရာမှ မွမ်းမံသင်တန်း တလ တက်ရောက်ရုံဖြင့် လက်မှတ်ပေးမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် လအတွင်း ကြေညာလိုက်သော်လည်း အလုပ်ခန့်ထားရန်ကိုမူ ထုတ်ပြန်ပေးခြင်း မရှိသဖြင့် အလုပ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ် ဘွဲ့ရ ထက်ဝက်ခန့် နီးပါး အလုပ် အလုပ်ခန့်ထားရန် ကျန်ရှိနေသေးသည်။ ထိုသူများကို မွမ်းမံသင်တန်း တလ တက်ပြီး ဆမ လက်မှတ်ပေးမည် ဖြစ်သော်လည်း တရားဝင် အလုပ်ခန့်ထားရန် မသေချာခြင်းကြောင့် ဆေးကျောင်းသားများ စိုးရိမ်လာကြခြင်း ဖြစ်သည်။
“ဆေးတက္ကသိုလ်် ဘွဲ့ရတွေကို ၂ နှစ် ပို့စတင် တာဝန်ပေးပြီးမှ ဆမ လက်မှတ် ရမယ်။ ပြီးတော့ ၂၀၀၇ ဘွဲ့ရတွေရောက်တော့ ရမ်ဒမ်ခေါ်ပြီး ပို့စတင် ချပေးလိုက်တယ်။ ပို့စတင်ရပြီးသား သူတွေကတော့ ၂ နှစ်ပြီးရင် ဆမ ပေးမယ်။ အဲဒီထဲမှာ မပါတဲ့သူတွေကတော့ အခု တလ မွမ်းမံသင်တန်း တက်ခွင့်ရတယ်” ဟု ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ ကျောင်းသားတဦးက ပြောသည်။
ဆေးတက္ကသိုလ် ဘွဲ့ရများတွင် အချို့က အစိုးရ အလုပ်အကိုင် မလုပ်ကိုင်လို၍ ဆမ လက်မှတ် မရသူများ ဖြစ်သော်လည်း ၂၀၀၇ ဘွဲ့ရ ဆရာဝန်များကိုမူ စစ်အစိုးရက အလုပ်အကိုင် မခန့်ထားပါ။
"အလုပ်ကတော့ လိုနေတာပဲ။ ဆေးတက္ကသိုလ် ဘွဲ့ရ အတော်များများက နိုင်ငံခြား ထွက်နေကြသည့်တိုင်အောင် အလုပ်နေရာတွေ လိုနေသေးတယ်။ ဒါပေမဲ့ နောက်နှစ်တွေမှာ ထွက်လာမယ့် ဆရာဝန်ပေါက်တွေအတွက် အလုပ်အကိုင်ကို ချွေခန့်လာတဲ့ သဘောမှာ ရှိတယ်" ဟု ဆရာဝန် စာရေးဆရာ တဦးက မှတ်ချက်ပြုသည်။
ယခင်က အစိုးရ ဝန်ထမ်းအဖြစ် ၃ နှစ် မလုပ်ပါက ဆေးကုသခွင့် လက်မှတ် မရှိသဖြင့် တရားဝင် ဆေးကုသခွင့် မရှိရာမှ ယခု ဆမ လက်မှတ်ရပြီး အစိုးရ အလုပ်အကိုင် တရားဝင် ခန့်အပ်မခံရသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အပြင်ဆေးခန်းများ ဖွင့်ခွင့် ရရှိလာမည် ဖြစ်သည်။