ရန်ကုန်တွင် ခွေးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တွင် ခွေးပြိုင်ပွဲ ကျင်းပမည်
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ရုံးချုပ်တွင် Golden Retrievers အမျိုးအစား ခွေးပြိုင်ပွဲအား ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ရှိFortune International Ltd. က ဦးစီးပြီး ယခုလ ၂၈ ရက်နေ့တွင် ကျင်းပမည် ...

ချင်းမိုင်။     ။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ရုံးချုပ်တွင် Golden Retrievers အမျိုးအစား ခွေးပြိုင်ပွဲအား ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ရှိFortune International Ltd. က ဦးစီးပြီး ယခုလ ၂၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

ပြိုင်ပွဲအား မြန်မာနိုင်ငံ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးအသင်းနှင့်ပူးပေါင်း၍ ပထမဆုံးအကြိမ်အဖြစ် ဘုရင့်နောင်လမ်းနှင့် ကြို့ကုန်းစက်မှုဆေးဝါး လမ်းထောင့်ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပမည်ဖြစ်ကြောင်း Fortune International Ltd. မှ ပြောဆိုခြင်း ဖြစ်သည်။

“ခွေးကတော့ Golden Retrievers တမျိုးတည်းကိုသာ ပြိုင်ပွဲဝင်ခွင့် သတ်မှတ်ထားတာပါ။ ဆုအမျိုးအစားက ၆ ခုပါ ခင်ဗျာ။ လောလောဆယ် ၆ ခု ရည်ရွယ်ထားပါတယ်။ ခွေးထီးအတွက် ၂ ဆု၊ ခွေးမအတွက် ၂ ဆု၊ ပါပီအတွက် (၆ လနှင့် ၆ လအောက်) ၂ဆု။ ပထမ၊ ဒုတိယ နှစ်ဆုပဲ ချီးမြှင့်မှာပါခင်ဗျာ” ဟု တာဝန်ရှိသူ ဒေါက်တာဝင်းကြည်က မဇ္ဈိမကို ပြောသည်။

Fortune International Ltd. က ၎င်းတို့ တဦးတည်း ကိုယ်စားလှယ်ရယူထားသော ပြင်သစ်အခြေစိုက် Royal Canin အမှတ်တံဆိပ် ခွေးအစာအတွက် ကြော်ငြာာသဘောမျိုး ကျင်းပရခြင်းလည်းဖြစ်ပြီး Royal Canin မှ ကျွမ်းကျင်သူများလည်း ပြိုင်ပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် ဝင်ကြေးပေးသွင်းရန်မလိုဘဲ ပြိုင်ပွဲလျှောက်လွှာများကို နီးစပ်ရာ တိရိစ္ဆာန်ဆေးခန်းများနှင့် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်တွင် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရယူနိုင်မည်ဖြစ်သည်။

ခွေးပြိုင်ပွဲကျင်းပပြီး နောက်တရက် ၂၉ ရက်နေ့တွင် Royal Canin မှ ပညာရှင်များအပါအဝင် တိရစ္ဆာန် ဆေးကုဆရာဝန်များ စုပေါင်း၍ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကို ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ဒေါက်တာဝင်းကြည်က ပြောသည်။