မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စိတ်ကြွ ဆေးပြား ရောင်းဝယ် ဖေါက်ကားသူ တဦးကို တရားရုံက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသူမှာ မောင်တောမြို့ အမှတ်(၂)ရပ်ကွက် (ဖေဇီရွာ)မှ မိုဟာမက်ကာဆိမ်း၏ သား မိုဟာမတ် ချိုဟဲလ် ဖြစ်သည်။
သူ့အား ယခုလ ၆ ရက်နေ့က မောင်တော ခရိုင်တရားရုံး တရားသူကြီး ဦးမြှင့်သိန်းက ပြစ်မူ ထင်ရှားသဖြင့် ထောင် ၁၂ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရေး ၀န်ထမ်း တဦးက ပြောသည်။
မိုဟာမတ် ချိုဟဲလ်ကို “WY” အမှတ် တံဆိပ်ပါ စိတ်ကြွ ဆေးပြား ၁၀၀၀ ကျော်နှင့်အတူ မောင်တော ရဲတပ်ဖွဲ့က သူ၏ နေအိမ်မှ ၂၀၀၈-ခု ဇူလိုင်လ အတွင်းက ဖမ်းဆီးခဲ့သည်။
မောင်တောရဲမှ သူ့အား မူးယစ် ပြစ်မှု အမှတ် (ပ၁၅/၂၀၀၈) ဖြင့် အမှုဖွင့်ထားခဲ့ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ ဖြန့်ဝေရောင်းချမှု နှင့် တဘက် နိုင်ငံသို့ မှောင်ခို တင်ပို့မှု စသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/ ၁၉(က)/ ၂၀(ခ) တို့ဖြင့် မောင်တော ရဲတပ်ဖွဲ့မှ တရားစွဲခဲ့သည်။
သူ့အား တရားသူကြီး ဦးမြင့်သိန်းမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ထောင်သက်တမ်းကို လျော့ချရန် အတွက် မိသားစုများက တရားသူကြီး ဦးမြှင့်သိန်းကို ကျပ်ငွေ ၁၀ သိန်းပေးခဲ့ရသည်ဟု မိသားစုများကို ကိုးကားပြီး တရားရေး ၀န်ထမ်းက ပြောသည်။