ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ကုလလုံခြံုရေးကောင်စီ အလွန်စိုးရိမ်ကြောင်း ပြောဆို

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ကုလလုံခြံုရေးကောင်စီ အလွန်စိုးရိမ်ကြောင်း ပြောဆို
by -
မုံပီး
ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ပြစ်ဒဏ် ပေးလိုက်ခြင်းအပေါ် `အလွန်အမင်း စိုးရိမ်ကြောင်း´ကုလလုံခြံုရေး ကောင်စီက ယမန်နေ့က ပြောကြားလိုက်ပြီး ကုလ အတွင်းရေးမှူးချုပ်နှင့်အတူ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ပြစ်ဒဏ် ပေးလိုက်ခြင်းအပေါ် `အလွန်အမင်း စိုးရိမ်ကြောင်း´ကုလလုံခြံုရေး ကောင်စီက ယမန်နေ့က ပြောကြားလိုက်ပြီး ကုလ အတွင်းရေးမှူးချုပ်နှင့်အတူ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်လည်း တောင်းဆိုလိုက်သည်။

`ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ပြစ်ဒဏ်ပေးလိုက်ခြင်းနှင့် ယင်း၏ နိုင်ငံရေး အကျိုးဆက်များအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း လုံခြံုရေးကောင်စီ အဖွဲ့ဝင်များက ထုတ်ဖော်ပြောဆိုကြသည်´ ဟု အလှည့်ကျဥက္ကဋ္ဌ ဗြိတိသျှသံအမတ်ကြီး John Sawers က ကောင်စီကြေညာချက်ကို ဖတ်ကြားပြောဆိုသည်။

ကောင်စီ၏ ထုတ်ပြန်ကြေညာချက်ကို နှစ်ရက်ကြာ အချေအတင် ဆွေးနွေးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်လည်း ထည့်သွင်းတောင်းဆိုထားသည်။

ရန်ကုန် အင်းစိန်ထောင်အတွင်း ရုံးထိုင်သော အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှိကြောင်း အင်္ဂါနေ့က ဆုံးဖြတ်ခဲ့ပြီး အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့သည်။

ထိုသို့ စီရင်ချက်ကို ဖတ်ကြားအပြီး မိနစ်ပိုင်းမျှအတွင်းမှာပင် မြန်မာပြည်ထဲရေးဝန်ကြီးက တရားရုံးအတွင်း ဝင်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းနှင့်အတူနေထိုင်သူ ပါတီဝင် အမျိုးသမီးနှစ်ဦးတို့အား ပြစ်ဒဏ်တဝက် လျှော့ချ၍ ကျန်ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ကာ သူမ၏ အင်းယားကန်ဘေး နေအိမ်တွင် နေထိုင်ခွင့်ပြုလိုက်သည်ဟူသော မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ကြေညာချက်ကို ဖတ်ကြားပြခဲ့သည်။

လုံခြံုရေးကောင်စီအဖွဲ့ဝင်များက သူတို့၏ ကြေညာချက်တွင် `မြန်မာအစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်သည့် ဆုံးဖြတ်ချက်အား မှတ်သားထားပြီး၊ အားလုံးပါဝင်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်း အောင်မြင်စေရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများ၊ သက်ဆိုင်သော ပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး စတင်နိုင်ရန် လိုအပ်သော အခြေအနေများ ဖန်တီးပေးရေးအတွက် နောက်ထပ် အစီအစဉ်များ ချမှတ်လုပ်ဆောင်ပါရန် မြန်မာအစိုးရကို တိုက်တွန်းပါသည်´ ဟု ရေးသားထားသည်။

သတင်းပေးပို့ချက်များအရ ဤ လုံခြံုရေးကောင်စီ၏ ကြေညာချက်သည် အမေရိကန်နိုင်ငံက မူကြမ်းရေးသားသော မူလ ကြေညာချက်နှင့်စာလျှင် အသုံးအနှုန်းများ ပျော့ပြောင်းသွားသည်။ မူလ မူကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်သော တရားရုံးဆုံးဖြတ်ချက်ကို `ရှုတ်ချသည်´၊ သူမကို ချက်ချင်းလွှတ်ပေးရန် စစ်အစိုးရကို `တောင်းဆိုသည်´ ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ဆွေးနွေးရန် လုံခြံုရေးကောင်စီက ယခုတပတ် အင်္ဂါနေ့တွင် တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံအချို့က အစီရင်ခံစာ ပါစာသားကို သူတို့အစိုးရများနှင့် တိုင်ပင်လိုပါသေးသည်ဟု ပြောဆိုသောကြောင့် ကြေညာချက်ထုတ်ပြန်ရန် နှစ်ရက်ကြာမြင့်ခဲ့သည်ဟု လုံခြံုရေးကောင်စီ၏ အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လုံခြံုရေးကောင်စီအတွင်း ဗီတိုအာဏာပိုင်ဆိုင်သော နိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နှင့် ရုရှတို့က မြန်မာ့အရေးသည် ပြည်တွင်းရေးပြဿနာသာ ဖြစ်သည်၊ နိုင်ငံတကာနှင့် ဒေသတွင်းလုံခြံုရေးကို ခြိမ်းခြောက်ခြင်းမရှိဟု ပြောဆို၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်သော စကားလုံးများသုံး၍ ကန့်ကွက်ရှုတ်ချခြင်းကို ယခင်ကလည်း တားဆီးပိတ်ဆို့ခဲ့ဖူးသည်။

ဤရပ်တည်ချက်အတိုင်းပင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော လုံခြံုရေးကောင်စီ ကြေညာချက်၌ `လုံခြံုရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံ၏ အချုပ်အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ဖော်ပြပါသည်။ ဤအခြေအနေတွင် မြန်မာပြည်၏ အနာဂတ်သည် မြန်မာပြည်သူများ၏ လက်ထဲတွင်သာ ရှိကြောင်းကိုလည်း ထပ်လောင်းပြောဆိုပါသည်´ ဟု ရေးသားထားသည်။

ဤအတောအတွင်း မြန်မာစစ်အစိုးရအပေါ် ၁၉၉၆ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သော ဥရောပသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်သည့် တရားသူကြီးများကိုလည်း သူတို့၏ ခရီးသွားလာခွင့်နှင့် ပိုင်ဆိုင်မှုပစ္စည်းများ ပိတ်ဆို့အရေးယူထားခြင်းခံရသော ပုဂ္ဂိုလ်များစာရင်းတွင် ထပ်မံထည့်သွင်းဖြည့်စွက်လိုက်သည်။

ကန့်သတ်ပိတ်ဆို့ခြင်းခံရသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ စာရင်းတွင် မြန်မာစစ်အစိုးရ အဖွဲ့ဝင်များ၊ ယင်းတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော လူပုဂ္ဂိုလ်များ ပိုင်ဆိုင်ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်ခွင့်များကို ထုတ်ယူ၍မရအောင် ပိတ်ဆို့ထားခြင်းလည်း ထပ်မံ ဖြည့်စွက်လိုက်သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၃ နှစ် ကျော်ကြာမျှ ပုံစံတမျိုးမျိုးဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ယခုနောက်ဆုံး ၁၈ လ ထပ်မံထိန်းသိမ်းလိုက်ခြင်းသည်လည်း သူမကို စစ်အစိုးရက ကျင်းပရန် ပြင်ဆင်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိစေရန် ရည်ရွယ်ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း ဝေဖန်သုံးသပ်သူများက ပြောဆိုကြသည်။

လုံခြံုရေးကောင်စီ၊ ကုလသမဂ္ဂ အကြီးအကဲတို့နှင့် အခြားအစိုးရများက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အပေါ် မြန်မာစစ်အစိုးရက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ရှုတ်ချကြသော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကမူ ဤအမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသက်သက်မျှသာ ဖြစ်ပါသည်ဟု လေသံပျော့ပျော့ဖြင့် ပြောဆိုခဲ့ကြသည်။

Most read this week