ဘင်္ဂလား လက်ကိုင်ဖုန်း အခွန်ငွေ ၂ သိန်း ပေးဆောင်ရ

ဘင်္ဂလား လက်ကိုင်ဖုန်း အခွန်ငွေ ၂ သိန်း ပေးဆောင်ရ
by -
ငြိမ်းချမ်း
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်ထုတ် လက်ကိုင်ဖုန်း ကိုင်ဆောင်လျှင် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးတပ်ဖွဲ့သို့ ၆ လစာအတွက် ကျပ်ငွေ ၂ သိန်း အခွန်ဆောင်ရကြောင်း ဒေသခံများ အဆ်ိုအရ သိရ ...

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်ထုတ် လက်ကိုင်ဖုန်း ကိုင်ဆောင်လျှင် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးတပ်ဖွဲ့သို့ ၆ လစာအတွက် ကျပ်ငွေ ၂ သိန်း အခွန်ဆောင်ရကြောင်း ဒေသခံများ အဆ်ိုအရ သိရသည်။

ပြီးခဲ့သည့်လမှစ၍ ဘင်္ဂလားဒေ့ရှ်မှ လက်ကိုင်ဖုန်းကို လွတ်လပ်စွာ ကိုင်ဆောင်လိုပါက နယ်မြေအတွင်းရှိ နစက အရာရှိသို့ ကျပ် ၂ သိန်း အခွန်ဆောင်ခိုင်းပြီး၊ ခိုးဝှက်ကိုင်ဆောင်ပါက တွေ့ရှိလျှင် ကျပ် ၄ သိန်း ပေးခိုင်းကြောင်း သိရခြင်း ဖြစ်သည်။

“အရာရှိတယောက်ကို ၂ သိန်း ပေးရတယ်။ နယ်မြေတခုမှာ နစက အရာရှိတယောက်ဆိုတာ အများဆုံးနေရရင် ၆ လပဲလေ။ ဒီအရာရှိကို ၂ သိန်းပေးပြီးလို့ ပြောင်းသွားရင် နောက်ရောက်လာတဲ့ အရာရှိကို ထပ်ပေးရတယ်။ ငွေပေးရင်တော့ လွတ်လွတ်လပ်လပ် သူတို့ (နစက) ရှေ့မှာလည်း ဖုန်းဆက်လို့ ရတယ်။ ငွေမပေးရင်ဘဲ ကိုင်လို့ အဖမ်းခံရရင် အနည်းဆုံး ဒဏ်ငွေ ၄ သိန်း ပေးရတယ်။ မပေးနိုင်ရင် အဖမ်းခံရတယ်” ဟု မောင်တောခရိုင် တောင်ပြိုမြို့နယ်တွင် တည်ရှိသည့် နစက အမှတ် ၃ နယ်မြေအပိုင် နံ့သာတောင်ရွာမှ ရွာသားက မဇ္စျိမကို ပြောသည်။

မောင်တောတွင် မြန်မာ့ဆက်သွယ်ရေးမှ ခွင့်ပြုသော CDMA တယ်လီဖုန်းလိုင်း ရရှိသော်လည်း လက်တွေ့အားဖြင့် မှောင်ခိုစျေးဖြင့်သာ ဝယ်ယူနိုင်ပြီး၊SIM card နှင့် Handset တွဲ၍ အနိမ့်ဆုံး ကျပ် ၂၅ သိန်း ပေါက်သည်။

ဘင်္ဂလားဖုန်းသည် တလုံးလျှင် ကျပ်ငွေ ၁၉၅၀၀ နှင့် ညီမျှသော ဘင်္ဂလားငွေ တာကာ ၁၃ဝဝ ခန့်သာရှိသည်။

“ဒီဘက် (မြန်မာ) ဖုန်းတွေကျတော့ လိုချင်တိုင်း မရဘူး။ ဖုန်းတလုံးရဖို့ ထောက်ခံချက်တို့ဘာတို့ လိုတယ်။ ပြီးတော့ သူတို့ (အာဏာပိုင်) နဲ့ အဆင်ပြေတဲ့ လူကိုမှ ရောင်းပေးတာ။ နောက်ပြီး ဒီဘက်ဖုန်းတွေက ခေါ်လို့မရတာ များတယ်။ လိုင်းမကောင်းဘူး။ network သိပ်မကောင်းဘူးလေ။ အဲဒါကြောင့် ဘင်္ဂလားဘက်က ဖုန်းတွေကိုပဲ အားကိုးနေရတာ” ဟု မောင်တောမြို့မှ ကိုသိန်းဝင်းက မဇ္စျိမကို ပြောသည်။

မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်မှ တယ်လီဖုန်းကုမ္ပဏီ Grameenphone ၏ SIM card ပါ တယ်လီဖုန်း အလုံးရေ ရ ထောင်ကျော်ရှိသည်။

“Grameenphone နဲ့ Atekl ကုမ္ပဏီတွေရဲ့ network Tower တွေက မောင်တောမြို့အထိ ကောင်းကောင်းမွန်မွန် ရတယ်လေ။ ငွေကြေးကလည်း သက်သာတော့ ဒီ ဘင်္ဂလားဖုန်းတွေကို မြန်မာဘက်က အသုံးများတာပါ” ဟု ကော့စ်ဘာဇာမြို့ရှိ Grameenphone ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။