၂၀၀၉ ခုနှစ် သြဂတ်စ်လ ၈ ရက်နေ့တွင် ကျရောက်သည့် ၂၁ နှစ်မြှေုာက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အကြို ဆန္ဒပြပွဲ တရပ်ကို ဒက္ကားမြို့တွင် ရခိုင်အမျိုးသမီး အစည်းအရုံးမှ ယနေ့တွင် ပြုလုပ်သည်။
အဆိုပါ ဆန္ဒပြပွဲကို ဒက္ကားမြို့ရှိ တရားရုံးချုပ်ရှေ့နှင့် အမျိုးသား သတင်းစာတိုက်ရှေ့တွင် ယနေ့နံနက်က ၁၀ နာရီခွဲက စတင်ခဲ့သည်။
ဆန္ဒပြပွဲအား တရက်စောပြီး ကြိုတင် ပြုလုပ်ရခြင်းကို ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။
“ဒက္ကားမှာ မိုးတွေရွာရင် ရေကြီးတတ်တဲ့အတွက် မိုးမရွာတဲ့ ဒီနေ့ကို ရွှေးပြီး ကျင်းပရတာ ဖြစ်ပါတယ်။ နေ့သာတဲ့အတွက် ဆန္ဒပြပွဲ လုပ်ရတာ အဆင်ပြေပါတယ်။”
ဆန္ဒပြပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီးလည်း ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။
“၁၉၈၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော် ပုံအတွင်း သွေးမြေကျ သေဆုံးသွားခဲ့ကြရတဲ့ ရဲဘော်ရဲဘက်တွေ လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ မောင်ဖွားတွေရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ သတိရပြီး သစ္စာ စောင့်သိတဲ့ အနေနဲ့ ဒီနေရာကို လာရောက်ပြီး ဆန္ဒပြရတာ ဖြစ်ပါတယ်။”
ဆန္ဒပြပွဲကို ရခိုင်အမျိုးသမီး အစည်းအရုံး အဖွဲ့ဝင် အမျိုးသမီးများ အပါအဝင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အဖွဲ့ဝင်များနှင့် တခြား ဒီမိုကရေစီ လိုလားသူ ၃၀ ခန့် တက်ရောက်ခဲ့သည်။
၎င်းပြင် ဒေါ်စောမြရာဇာလင်းက “ကျွန်မတို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးတွက် ဆက်လက် မဆုတ်မနစ် တိုက်ပွဲဝင်နေတယ်ဆိုတာကို ရခိုင်ပြည်သူတွေနဲ့ မြန်မာ လူထုကြီး သိစေလိုတဲ့အတွက် ကျွန်မတို့ ဒီနေရာမှာ စုဝေး ဆန္ဒပြနေရတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲဟာ တနေ့ အောင်ပွဲခံကို ခံရပါလိမ့်မယ် ပြည်သူတွေကို ကျွန်မ ပြောချင်ပါတယ်” ဟု ပြောကြားသွားသည်။
ဆန္ဒပြပွဲကို နေ့လည် ၁၂ နာရီခွဲတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။