နယူးဒေလီ (မဇ္စျိမ)။ ။ ဖက်ဒရယ်မူသည် စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ခြင်းဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ခြင်းအပေါ် ပင်လုံညီလာခံတွင် တက်ရောက်ခဲ့သူ ရှမ်းပြည် ဝါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။
မြန်မာ့အလင်း အယ်ဒီတာထံ ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ရေးသား လိပ်မူထားသော စာမျက်နှာ ၃ မျက်နှာပါ ပြန်လည် ဖြေရှင်းရေး တောင်းဆိုစာ မိတ္တူကို မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။
“ဘာမှ တု့ံပြန်ဖော်ပြ၊ ပြောဆိုတာ မရှိသေးပါဘူး။ ရေးထားတဲ့ (ဆောင်းပါး) က မှားနေတယ်။ ဟုတ်မှ မဟုတ်တာ။ အဲဒါကို ပြင်စေချင်တာပါ” ဟု ဦးရွှေအုံးက ပြောသည်။
ဇူလိုင် ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကလောင်အမည် ကိုသာယာ၏ ‘သတိအစဉ် အသိယှဉ်၍’ ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် စာရေးသူက ဖယ်ဒရယ်မူသည် စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်နည်းတခု ဖြစ်သည်ဟု ရေးသားခဲ့သည်။
“နိုင်ငံတော်ကို အစိတ်စိတ် အမွှာမွှာခွဲဖို့ ရည်ရွယ်ပြီး ဖယ်ဒရယ်ကို အသက်သွင်းဖို့ ကြိုးပမ်းနေကြတယ်၊ တိုင်းရင်းသားတွေအကြားမှာ မြှောင့်ပင့်ပေးနေကြတယ်။ … ဒါကို ဖယ်ဒရယ် စခဲ့လို့ကတော့ ဝါးအစည်းပြေသလို ပရမ်းပတာပြိုကွဲပြီး အားလုံး ကျားစာဖြစ်ပွားမှာ မယုံမရှိနဲ့” ဟု သတင်းစာတွင် ပါရှိသည်။
“ရှေ့ကဖြစ်ခဲ့တဲ့ နိုင်ငံကြီးတွေ ပြိုကွဲတာ ငြင်းမရတဲ့ သာဓကပဲ။ ဒါကြောင့် ဖယ်ဒရယ်ဟာ ပြည်ထောင်စုကို ပြိုကွဲစေမယ့် မျိုးစေ့ပါနေတယ်ဆိုတာ သတိထားရပါမယ်” ဟုလည်း ဆိုထားသည်။
ဦးရွှေအုံးက စာရေးသူ ကိုသာယာ အနေဖြင့် ဖယ်ဒရယ်မူနှင့် ပတ်သက်၍ မသိနားမလည်ခြင်း မဖြစ်နိုင်ကြောင်းနှင့် သူ၏ အာဘော်ဖြစ်သော်လည်း နောက်ကွယ်တွင် တစုံတရာ ရှိနေကြောင်း ဦးရွှေအုံးက သုံးသပ်သည်။
ဦးရွှေအုံးက ဖက်ဒရယ်မူနှင့် ပတ်သက်၍ သမိုင်းကြောင်းနောက်ခံများဖြင့် ပြန်လည်ဖြေရှင်းရာတွင် “ပြည်ထောင်စု ဟူသည့် သဘောမှာ ပြည်ထောင်များ တန်းတူရည်တူ စုပေါင်းထားခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သို့သော် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် မြန်မာပြည်နယ် မပါဝင်ဘဲ တည်ဆောက်ခဲ့သောကြောင့် ပြည်ထောင်စု အတုသာလျှင်ဖြစ်သည်” ဟု ဖြေရှင်းချက် ပေးစာထဲတွင် ရေးသားထားသည်။
ထို့အပြင် “ပြည်ထောင်စုအတုမှ ပြည်ထောင်စုအစစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် တောင်းဆိုခြင်းသည် မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ရာ၊ တရားမျှတစွာ စဉ်းစားသူတိုင်း ယင်းဖယ်ဒရယ်မူကို လက်ခံနိုင်ကြလိမ့်မည် ထင်ပါသည်” ဟု ဆိုထားသည်။
ပြန်လည်ဖြေရှင်းပေးရန် မြန်မာ့အလင်းအပြင်၊ ကြေးမုံသတင်းစာတိုက်နှင့် ရန်ကုန်အခြေစိုက် အပတ်စဉ် သတင်းဂျာနယ်များသို့လည်း မိတ္တုများ ပေးပို့ခဲ့သည်။
ပေးစာထဲတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် ပင်လုံညီလာခံတွင် တက်ရောက်ခဲ့သော ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ကိုယ်စားလှယ်များက တပြည်ထောင်စနစ်ကို မလိုလားသဖြင့် ပြည်ထောင်စုအဖြစ်သာ စုပေါင်းရန်၊ နိုင်ငံရေးတန်းတူညီမျှမှု ရှိရမည်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမည်၊ ခွဲထွက်ပိုင်ခွင့် ရှိရမည်ဟု အကျိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပါရှိသည်။
ပြည်ထောင်စု လူဦးရေ၏ ၄၀ % မျှရှိသော လူမျိုးစုများ၏ ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်မချင်း ပြည်ထောင်စုကြီး၏ ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ” ဟု ဦးရွှေအုံးက မှတ်ချက်ပေးထားသည်။
ဦးရွှေအုံးရေးသားခဲ့သည့် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်သည် စာမျက်နှာပေါင်း ၃၁၁ မျက်နှာရှိပြီး၊ အခန်းပေါင်း ၁၇ ခန်းရှိကာ မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် စာရေးသူ၏ အမြင်များ ရေးသားထားသည်။
ထိုစာအုပ်သည် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှ့ံခဲ့ပြီး၊ တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးကို တင်ပြခဲ့သော်လည်း ယနေ့ထိတိုင် ခွင့်ပြုချက် မရရှိခဲ့ပေ။
၈၆ နှစ်အရွယ် ဦးရွှေအုန်းသည် ၁၉၉၃ ခုနှစ်တွင် “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ဖူးသည်။ ထိုနှစ်တွင် သူသည် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စုမူ စာတမ်းကို တင်ပြခဲ့သဖြင့် အာဏာပိုင်များက ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်။
သူသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” အမည်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းတွင် ဖွဲ့စည်းခဲ့သည်။