နယူးဒေလီ (မဇ္စျိမ) ။ ။ သင်္ဘောပိုင်ရှင် အိစ်ဝင်း (Eastwind) ကုမ္ပဏီ ဒေဝါလီခံခဲ့ရသဖြင့် အကြွေးရှင်များက သင်္ဘောကို သိမ်းယူသောကြောင့် လိုင်ဘေးရီးယား အလံတင် အန်နာပါနာ သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၂၃ ဦးသည် နယူးဇီလန်နိုင်ငံ အော့ကလန်ဆိပ်ကမ်း၌ အလုပ်လက်မဲ့များဖြစ်ကာ သောင်တင်နေသည်။
ထိုအထဲမှ တချို့မှာ တနှစ်စာ လစာပင် မရသေးဘဲ၊ အများစုမှာ ၃-၄ လစာ မရသေးသဖြင့် သူတို့၏ လုပ်ခလစာများအတွက် စောင့်ဆိုင်းနေကြရသည်။
“သင်္ဘောပိုင်ရှင်တွေ၊ ကုမ္ပဏီတွေက သူတို့သင်္ဘောသားတွေကို ပေးရမယ့်လစာတွေ မပေးရအောင် ကြိုးစားနေကြတဲ့ ကိစ္စတွေ တော်တော်များများ ရှိနေပါတယ်“ ဟု ရေကြောင်းသမဂ္ဂ အော့ကလန် သင်္ဘောသားများ ဌာနခွဲမှ အမျိုးသားဒုတိယ ဥက္ကဋ္ဌ ဂယ်ရီပါစ်လိုးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်သားများ အဖွဲ့ချုပ် (ITWF) ကိုယ်စားပြုသူလည်းဖြစ်သည့် ပါစ်လိုးက မြန်မာသင်္ဘောသားများ ရသင့်သည့် လုပ်ခလစာများ ရရှိနိုင်ရန် သင်္ဘောကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေးနေကြောင်း သူက မဇ္စျိမကို ပြောသည်။
“ကျနော်တို့ သင်္ဘောသားတွေရဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေနဲ့ စကားပြောနေပါတယ်။ သူတို့က သင်္ဘောရောင်းပြီးတာနဲ့ သင်္ဘောသားတွေရဲ့ လုပ်ခကိစ္စတွေကို ဦးစားပေး စဉ်းစားပါမယ်လို့ ကောင်းကောင်းမွန်မွန်တော့ ပြောပါတယ်“ ဟု ပါစ်လိုးက ပြောသည်။
ကိုယ်စားလှယ်များသည် မိသားစုများနှင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်းများအပါအဝင် လိုအပ်သည်များကို ထောက်ပံ့ပေးကြသည်ဟု သူက ပြောသည်။
မြန်မာသဘောင်္သားများအပါအဝင် သင်္ဘောသားများသည် မကြာခဏ ကံမကောင်းဖြစ်ကြရသည်ဟု ပါစ်လိုးက ပြောပြသည်။
flag of convenience ဟုခေါ်သည့် ငွေကြေးကိစ္စ၊ ဥပဒေကိစ္စတို့တွင် သက်သာမှုရရှိစေရန် အခြားနိုင်ငံ တနိုင်ငံတွင် မှတ်ပုံတင်ထားတတ်သော သင်္ဘောများနှင့် သူတို့၏ သင်္ဘောသားများအပေါ် ဆက်ဆံရေးများနှင့် ပတ်သက်၍ ကမ္ဘာတဝှန်းတွင် မကြာခဏ ပြသာနာ ရှိတတ်ကာ သင်္ဘောသားများသည် သူတို့လုပ်ခများ မရရှိဘဲ အလုပ်လက်မဲ့ ဘဝနှင့် ကမ်းဆင်းကြရသည်ဟုလည်း သူက ဆိုသည်။
“ကျနော်တို့က မြန်မာသင်္ဘောသားတွေကို လုပ်ခတွေ မရမချင်း သင်္ဘောပေါ်မှာပဲနေဖို့ ပြောထားတယ်“ ဟု သူက ဆက်ပြောသည်။
သို့သော် မြန်မာသင်္ဘောသား ၂၃ ဦးအတွက်မူ သူတို့၏ လုပ်ခများကို သေချာစွာ ရရှိရန်နှင့် သူတို့ ဆန္ဒအရ အိမ်ပြန်ချင်လျှင်လည်း ပြန်နိုင်ရန် သို့မဟုတ် ဆက်လက်နေထိုင်ကာ နောက်ထပ်အလုပ် ရှာလိုပါကလည်း ရှာနိုင်ရန် သူ့အဖွဲ့က လုပ်ဆောင်ပေးနေပါသည်ဟု ပါစ်လိုးက ဆိုသည်။