ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်

ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
by -
ဖနိဒါ
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ အိမ်ခြံဝင်းတွင်းမှ မြေကွက်တခုကို ရောင်းချသည့်အပေါ် ကန့်ကွက်ထားသည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။ “ကြော်ငြာထဲပါတဲ့ ရှေ့နေနှစ်ဦးဆီကို အကြောင်းကြားထားတယ်။ ဒီကိစ္စက ရောင်းပိုင်ခွင့်မရှိဘူး။ ...

 
ချင်းမိုင်(မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ အိမ်ခြံဝင်းတွင်းမှ မြေကွက်တခုကို ရောင်းချသည့်အပေါ် ကန့်ကွက်ထားသည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
 
“ကြော်ငြာထဲပါတဲ့ ရှေ့နေနှစ်ဦးဆီကို အကြောင်းကြားထားတယ်။ ဒီကိစ္စက ရောင်းပိုင်ခွင့်မရှိဘူး။ ဒီခြံတွေဟာ ကျနော်တို့ အမှုသည်ရဲ့ လက်ဝယ်မှာပဲ ရှိတယ်။ ရောင်းတာ မလုပ်နိုင်ဘူး။ ကန့်ကွက်တဲ့စာ ပို့ထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေနေ့လည်းဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမသို့ ပြောသည်။
 
တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီး ဖြစ်သဖြင့် ရ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ယခုလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
 
ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) မြေဧရိယာ ၉.၂၃ မှ မခွဲမစိတ်သေးသည့် အစိတ်အပိုင်း (အလျား ၁၀၀၊  အနံ ရ၀) အကျယ်ရှိ မြေကွက်ကို ဦးခင်မောင်အေးမှ ရောင်းချပြီး ဖြစ်သဖြင့် ကန်ကွက်နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
 
ကြေညာပြီး နောက်ရက်တွင် ဦးခင်မောင်အေး၏ ကွာရှင်းပြတ်စဲခြင်းမရှိသေးသော ဇနီးဖြစ်သူ ဒေါ်တင်တင်ဦးက မြေကွက်နှင့် ဆောက်လုပ်ဆဲ အဆောက်အဥိကို ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။
 
ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။
 
အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့က “လွှဲအပ်ညွှန်ကြားချက် အရ” ဟု ဆိုပြီး ကန့်ကွက်နိုင်ကြောင်း ကြေငြာစာတွင် ဖော်ပြထားသော်လည်း ဝယ်ယူသူ၏ အမည်ကိုမူ ဖော်ပြထားခြင်း မရှိပါ။
 
“အခုရောင်းမယ်ဆိုတာက အဲဒီခြံထဲက မခွဲမစိတ်ရသေးတဲ့ အပိုင်းတွေ ဖြစ်တယ်။ အခုလို ဝယ်တဲ့ လူနာမည်လဲမပါဘူး။ လျိူ့ဝှက်ထားတယ်။ ဒီအခြေအနေမှာ ဒီလိုသုံးလာတော့  ကျနော်တို့ သိပ်စိုးရိမ်လာတယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ အသေးစိတ်တော့ ပြောခွင့်မရှိသေးဘူး။ အစီစဉ်တော့ ရှိတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
 
ယခုကဲ့သို့ မြေကွက်ရောင်းချကြောင်းကြော်ငြာပေါ်ထွက်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ပြီး တရားစွဲဆို စစ်ဆေးနေချိန်နှင့် တိုက်ဆိုင်နေသည်။
 
၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦး ကလည်း အမွေရယူထိုက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ဖူးသည်။